သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်တောင်ပိုင်းရှိ သစ်တောစိုက်ခင်းများ၊ ပျိုးဥယျာဉ်များနှင့် အင်းလေးကန် စိမ်းလန်း စိုပြည်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ခုနှစ် မေလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ရှိ အင်းပြင် ပျိုးဥယျာဉ်သို့ရောက်ရှိရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်တောင်ပိုင်းက ပြည်နယ် အတွင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ကလောမြို့အား ထင်းရှူးမြို့တော်ဖြစ်စေရေးအတွက် အမြင့် ၂ ပေ အထက် ထင်းရှူးပျိုးပင်များ စိုက်ပျိုးသွားရန်နှင့် ပျိုးဥယျာဉ်များတွင် ပျိုးပင်များကြိုတင်ပျိုးထောင်သွားရန်၊ အင်းလေးကန်စိမ်းလန်းစိုပြည်ရေးအတွက် အင်းလေးကန်ရေဝေရေလဲဒေသရှိ သစ်တောများအား ထိန်းသိမ်းကာကွယ်ရန်နှင့် ရေဝေရေလဲသစ်တော စိုက်ခင်းများတိုးချဲ့တည်ထောင်သွားရန်၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သဘာဝထိန်းသိမ်းရေးနယ်မြေရှိ ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန်၊ တောင်ကြီးမြို့ ရေရရှိရေး အတွက်အရေးပါသော ထီသိမ်ကန်ရေထွက်နှင့် ရေဝေရေလဲဧရိယာများအားထိန်းသိမ်းရန်၊ အင်းလေးကန်နှင့်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် စေရေးအထူးအလေးပေးဆောင်ရွက်ရန်၊ ပင်းတယ-ဘော်ဆိုင်း ကားလမ်းဘေးတောင်ကုန်းများ မြေဆီလွှာတိုက်စားမှုမရှိစေရေး အစီအမံများရေးဆွဲဆောင်ရွက်သွားရန်နှင့် ထင်းရှူးပင်များ တစ်အုပ်တစ်မ စိုက်ပျိုးသွားရန်မှာကြားသည်။ ထို့နောက် ပျိုးဥယျာဉ်အတွင်း ယခုနှစ်တွင် စိုက်ပျိုးမည့် ထင်းရှူးပျိုးပင် (၃၇,၀၀၀) အပါအဝင် ပျိုးပင် (၅၀,၀၀၀) ပျိုးထောင်ထားရှိမှု အခြေအနေနှင့် ၂၀၂၃ ခုနှစ် တွင်စိုက်ပျိုးရန် ထင်းရှူးပျိုးပင် (၁,၅၀၀) ကြိုတင်ပျိုးထောင်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်ရှိ ထင်းရှူးပင်များအား စာရင်းကောက်ယူ၍ နံပါတ်စဉ်ရိုက်ကပ်မှုလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး၊ တောင်လေးလုံးကြိုးဝိုင်း၊ အကွက်အမှတ် (၂၈)ရှိ (၁/၂၀၁၈) စီးပွားရေး ထင်းရှူးစိုက်ခင်း (၁၀၀) ဧက၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေကိုကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်လေးလုံး သစ်တောသုတေသနစခန်းသို့ ရောက်ရှိရာတာဝန်ရှိသူများက သုတေသနဆိုင်ရာအချက်အလက်များ၊ ထင်းရှူးမျိုး သုတေသနစမ်းသပ်ကွက်များ ဆောင်ရွက်ထားရှိမှုနှင့် သုတေသနရလဒ်များကို ရှင်းလင်းတင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။ ထို့နောက် တောင်လေးလုံးပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားရှိသော သစ်မျိုးစုံပျိုးပင် (၁၂၀,၀၀၀) အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ရွှေရန်ပြေစခန်းသို့ရောက်ရှိရာ တာဝန်ရှိသူများက အင်းလေးကန်ဘေးမဲ့တော သဘာဝနယ်မြေအတွင်း ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ရေးနှင့် အင်းလေးကန်နှင့် ရေဝေရေလဲဒေသထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်းလေးကန်အတွင်း ရေမှော်နှင့်ဗေဒါများအား Beaver စက်များဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ်၊ အေးသာယာ၊ Green Zone ရှိ သီးနှံ သစ်တောရောနှော စိုက်ပျိုးခြင်းအသွင်ဖြင့် နေကြာနှင့်သစ်မျိုး (၁၈) မျိုး (၄,၈၁၂) ပင် စိုက်ပျိုးထားသော (၃/၂၀၂၀) သစ်မျိုးစုံ သီးနှံသစ်တော သရုပ်ပြစိုက်ခင်း (၈) ဧက၏ အောင်မြင်ဖြစ်ထွန်းမှု အခြေအနေ၊ အပေါ်ယံမြေဆီလွှာ တိုက်စားခြင်းကိုကာကွယ်ရန် ရေလွှဲမြောင်းတူးဖော်ခြင်း၊ နုန်းပို့ချမှု လျော့ချရန် ကျောက်စီနုန်းထိန်းတမံငယ် တည်ဆောက်ထားမှုအခြေအနေနှင့် အေးသာယာ၊ Green Zone ပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့သို့ ရေပေးဝေလျက်ရှိသော ထီသိမ်ကန် ကြိုးဝိုင်းရှိ ထီသိမ်ရေထွက်၊ ထီသိမ်ရေကူရေလှောင်တမံ ရေဝေရေလဲဧရိယာ ထိန်းသိမ်းမှုနှင့် ရေဝေရေလဲ ဧရိယာအတွင်း ၂၀၂၂ ခုနှစ် အပင် (၁,၀၀၀) ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း ဆောင်ရွက်ထားရှိမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။