ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်တောင်ပိုင်းရှိ သစ်တောဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၂၂ ခုနှစ် မေလ ၁၃ ရက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နမ့်ခုတ်ကြိုးပြင် ကာကွယ်တောရှိ (၃/၂၀၂၁) ရေဝေရေလဲစိုက်ခင်း (၂၅) ဧက နှင့် (၁/၂၀၂၂) စက်မှုကုန်ကြမ်း ထင်းရှူးစိုက်ခင်း (၂၅) ဧက သို့ ရောက်ရှိရာ စိုက်ခင်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားမှု အခြေအနေများကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး စိုက်ခင်းများ၏ ရှင်သန်အောင်မြင်ဖြစ်ထွန်းနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။  

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ဟဲဟိုး-ဘော်ဆိုင်း-ပင်းတယ ကားလမ်း လမ်းဘေးဝဲယာရှိ ထင်းရှူးတစ်အုပ်တစ်မ စိုက်ပျိုးမည့်နေရာများ၊ မြေဆီလွှာတိုက်စားမှု ကာကွယ်ရေးဆောင်ရွက်ရန် လိုအပ်သည့်နေရာများ၊ ကြိုးပြင်ကာကွယ်တော သတ်မှတ်ရန် အလားအလာရှိသည့် နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘော်ဆိုင်းမြို့ရှိ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဘော်ဆိုင်းရုံးခွဲတွင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သတ္တုတွင်းလုပ်ငန်း ဆောင်ရွက်နေမှုများ Mine Design  ပါအချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းအစီရင်ခံစာနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ပါ သတ်မှတ်ချက်များ၊ ကတိကဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ဂေဟစနစ် ဖြည့်တင်းရေး စိုက်ခင်းများအား ထိရောက်အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် ဌာနမှအနီးကပ်ကြီးကြပ် ဆောင်ရွက်ရန်လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပင်းတယမြို့၊ သစ်တောဦးစီးဌာနရုံး၊ ပျိုးဥယျာဉ်ရှိ ပျိုးပင်များပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပင်းတယ-အောင်ပန်း ကားလမ်း လမ်းဘေးဝဲယာ ထင်းရှူးတစ်အုပ်တစ်မ စိုက်ပျိုးမည့်နေရာများနှင့် ကွက်လပ်ဖြည့်စိုက်ပျိုးမည့် နေရာများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ် ကလော-အောင်ပန်း ကားလမ်း လမ်းဘေးဝဲယာ ထင်းရှူးတစ်အုပ်တစ်မ (၁,၃၀၀) ပင် စိုက်ပျိုးထားရှိမှုနှင့် သီခေါင်ကြိုးပြင်ကာကွယ်တောအတွင်း ထင်းရှူးကွက်လပ်ဖြည့်စိုက်ပျိုးခြင်း (၃) ဧက (၁,၆၀၀) ပင် စိုက်ပျိုးထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် လှိုင်းတက်ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တည်ထောင်ထားသော ကျောက်အိုးအမြဲတမ်းပျိုးဥယျာဉ် သို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားကာ ပျိုးဥယျာဉ်အတွင်း သစ်မျိုး (၁၄) မျိုးဖြင့် ပျိုးပင် (၈၇,၀၀၀)ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရူပါတောင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၁) အတွင်းတည်ထောင်ထားသော (၄/၂၀၂၀) အထူးစိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်း (၅,၀၀၀) ပင်နှင့် (၄/၂၀၂၂) အထူးစိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်း (၄,၀၀၀) ပင်၏ ရှင်သန်အောင်မြင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။