၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံး ပြိုင်ပွဲအတွက် ဖိတ်ခေါ်ခြင်းအား ရက်တိုးမြှင့် သတ်မှတ်ခြင်း

နေပြည်တော်၊ မေလ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ် ဇွန်လ () ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့သည် သဘာဝတရားနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲစွာ နေထိုင်ရန်လိုအပ်ကြောင်း၊ မူဝါဒများနှင့် တစ်ဦးချင်းစီ၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာနေထိုင်နိုင်မည့် နည်းလမ်းရွေးချယ်မှုများ မှတစ်ဆင့် ပိုမိုစိမ်းလန်းသော နေထိုင်မှုပုံစံသို့ အသွင်ကူးပြောင်းနိုင်ရေးအတွက် ဖြစ်နိုင်သမျှ ဆောင်ရွက်သွားရန်နှင့် ရေရှည်တည်တံ့စွာ နေထိုင်နိုင်စေရေးအတွက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ သဘာဝနှင့် လိုက်လျောညီထွေနေထိုင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာဆောင်ရွက်ချက်များတွင် လူသားတိုင်း ပါဝင်ဆောင်ရွက် ကြစေလိုကြောင်း ယခုနှစ်ဆောင်ပုဒ်မှ တိုက်တွန်းထားပါသည်။  

ယခုနှစ်ဆောင်ပုဒ်၏ တိုက်တွန်းနှိုးဆော်ချက်များကို ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ “တစ်ခုတည်းသောကမ္ဘာမြေ (Only One Earth)” ခေါင်းစဉ်ဖြင့် မိမိတို့ ရေးသားတင်ပြလိုသည့်အချက်အလက်များ၊ သာဓကများပါဝင်သော အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံးများကို အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့်အညီ ရေးသားပေးပို့ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည် -

အလွတ်တန်း ဆောင်းပါး/ စာစီစာကုံးပြိုင်ပွဲကို မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်ဆောင်းပါးများကို A4 ဆိုဒ်စာမျက်နှာ အနည်းဆုံး ၁၀ မျက်နှာမှ အများဆုံး ၁၅ မျက်နှာအထိ၊ ပြိုင်ပွဲဝင် စာစီစာကုံးများကို A4 ဆိုဒ်စာမျက်နှာ အနည်းဆုံး ၅ မျက်နှာမှ အများဆုံး ၇ မျက်နှာအထိ ရေးသားရန် (သတ်မှတ်စာမျက်နှာထက် မကျော်လွန်ရ)၊ သတ်မှတ်ထားသော ခေါင်းစဉ်အောက်မှ မိမိကြိုက်နှစ်သက်ရာ ပုံစံဖြင့် ယှဉ်ပြိုင်ရန်၊ ကွန်ပျူတာစာလုံး (Pyidaungsu)၊ စာလုံးအရွယ်အစား ၁၄ (Font Size 14)၊ စာကြောင်းအကွာအဝေး ၁ ဒသမ ၅ (Line Spacing 1.5)၊ စာရွက်ဘောင်ဆိုဒ် ၁ လက်မပတ်လည် (Margins 1” ပတ်လည်) Microsoft Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရန်၊ အခြားမှ ကူးယူထားခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင် ဖန်တီး ရေးသားထားသော စာမူရင်းဖြစ်ရန်၊ အခြားပြိုင်ပွဲများတွင် ဆုရရှိပြီးသော၊ ပုံနှိပ်ဖော်ပြထားသော စာမူများ မဖြစ်စေရန်၊ ကိုယ်တိုင်ဖန်တီးရေးသားထားသော ကာယကံရှင် လက်မှတ်ရေးထိုးထား သည့် ဝန်ခံကတိပြုချက်နှင့် ကိုယ်ရေးအချက်အလက်အကျဉ်းတို့ကို ဆောင်းပါး၊ စာစီစာကုံးနှင့် အတူပေးပို့ရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ တရားဝင်အသုံးပြုခွင့်ပေးရန်နှင့် ဆုရွေး ချယ်ခံရခြင်းမရှိသော ဆောင်းပါး/စာစီစာကုံးများအား ပြန်လည်ပေးပို့မည်မဟုတ်ဘဲ ပြိုင်ပွဲဝင် စည်းကမ်း နှင့် မညီညွတ်သောစာမူများအား ပယ်ချသွားမည်ဖြစ်ပါသည်။

ပြိုင်ပွဲဝင်စာမူများပေးပို့ရာတွင် အလွတ်တန်း ဆောင်းပါး/ စာစီစာကုံးအတွက် စာမူ (Hard+ Soft Copy (Word+Pdf)) တစ်စုံစီ၊ ပြိုင်ပွဲဝင် အမည်၊ မှတ်ပုံတင်/ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ ကာလာဓာတ်ပုံ ၃ ပုံ (၁.၅” x ၂ ” ဆိုဒ်)၊ ဆက်သွယ်ရန်လိပ်စာ၊ အမှန်တကယ် အသုံးပြုသည့် ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၄၃၁၃၂၉၊ အီးမေးလ် hr.env.ecd@gmail.com သို့ ယခင် (၁၂.၅.၂၀၂၂)ရက်နေ့အထိ သတ်မှတ်ခဲ့သော်လည်း စာစီစာကုံး/ ဆောင်းပါးယှဉ်ပြိုင်မှု အားနည်း နေပါ၍ ထပ်မံရက်တိုးမြှင့်သတ်မှတ်ရန် လိုအပ်နေပါသဖြင့် ယခု(၁၉.၅.၂၀၂၂)ရက်နေ့အထိ နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပြီး အသေးစိတ်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန Website (www.ecd.gov.mm)နှင့် Facebook Page (Environmental Conservation Department-ECD) တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ (သတ်မှတ်ရက်ကျော်လွန်ပြီး စည်းကမ်းချက်များနှင့် မပြည့်စုံသော ဆောင်းပါးနှင့် စာစီစာကုံးများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။)

ဆုရရှိသူများစာရင်းကို ၂၀၂၂ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီး ဌာန Website နှင့် Facebook Page များတွင်ကြေညာသွားမည်ဖြစ်ပြီး ဆုရရှိသူများကို ၂၀၂၂ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန