ရှမ်းပြည်နယ် ၊ တောင်ကြီးခရိုင် ၊ ဟဲဟိုး-ဘော်ဆိုင်း ၊ ပင်းတယ-အောင်ပန်း လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၊ ၂၀၂၂ ခုနှစ်၊ မေလ ၂၄

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ဟဲဟိုး-ဘော်ဆိုင်း ၊ ပင်းတယ-အောင်ပန်းလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က အဖွင့်အမှာစကား အသီးသီးပြောကြားသည်။ ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဟဲဟိုး-ဘော်ဆိုင်း၊ ပင်းတယ-အောင်ပန်းလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး ထင်းရှူးပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းမည့်အစီအမံများနှင့် မြေအသုံးချမှု အခြေအနေတို့ကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ အသေးစိတ်ညှိနှိုင်းဆွေးနွေးသည်။

အဆိုပါ အစည်းအဝေးတွင် ကလောမြို့နယ်အား ထင်းရှူးမြို့တော်ဖြစ်စေရေး၊ ဟဲဟိုး-ဘော်ဆိုင်းလမ်း ၊ ပင်းတယ-အောင်ပန်းလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် ၂ ပေအထက် ထင်းရှူးပျိုးပင် ၃၂,၅၀၀ ဖြင့် လမ်းဘေးဝဲယာ တစ်အုပ်တစ်မစိုက်ပျိုးရေး၊ ကွက်လပ်ဖြစ်ပေါ်နေသော နေရာများတွင် ထင်းရှူးပျိုးပင် ၃၅,၀၀၀ ဖြင့်  ကွက်လပ်ဖြည့်စိုက်ပျိုးရေးနှင့် သဘာဝတောကျန် ဧရိယာ ၁၂၀၀ ဧကခန့်အား ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် ကိစ္စရပ်များအား ဆွေးနွေးကြသည်။

၂၀၂၂ ခုနှစ် မိုးရာသီတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သစ်တောဦးစီးဌာနအနေမှ  လမ်းပိုင်း ၁၁၆ လမ်း၊ လမ်းဦးစီးဌာနမှ လမ်းပိုင်း ၄၅၇ လမ်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ လမ်းပိုင်း ၂၈၆ လမ်းတွင် စုစုပေါင်းပျိုးပင် ၂၅၆,၀၀၀ ကျော် လမ်းဘေးဝဲယာတစ်အုပ်တစ်မ စိုက်ပျိုးသွားမည်ဖြစ်ပြီး လိုအပ်သော အမြင့် ၂ ပေအထက် ပျိုးပင်များအား သစ်တောဦးစီးဌာနက ဖြန်ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။