သစ်တောနှင့်ပတ်ဝန်း ကျင်ဆိုင်ရာတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြို ကျောင်းသား/ကျောင်းသူများ၏ မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားဖွင့်ပွဲကျင်းပခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်း ကျင်ဆိုင်ရာတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြို ကျောင်းသား/ကျောင်းသူများ၏ မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှုးများ၊ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် တက္ကသိုလ်အဆင့် သစ်တော ပညာသင်ကြားမှုသည် ၁၉၂၃ ခုနှစ်တွင် စတင်ခဲ့ပြီး ယခု နှစ် ၁၀၀ ပြည့်တော့မည်ဖြစ်ကြောင်း၊ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အထိ အရည်အချင်းပြည့်မီသော သစ်တောသိပ္ပံဘွဲ့ရ ၃၀၅၂ ဦး မွေးထုတ် ပေးနိုင်ခဲ့ပြီး ပြည်တွင်း/ပြည်ပ တက္ကသိုလ်များတွင် ဆက်လက်လေ့လာသင်ယူ၍ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရရှိခဲ့သူ များစွာရှိကြောင်း၊ အစဉ်အလာကြီးမားခဲ့သည့် တက္ကသိုလ်ဖြစ်သည်နှင့်အညီ ယခုပညာရည်ဆည်းပူးရန် ရောက်ရှိလာသော မောင်တို့မယ်တို့အနေဖြင့်လည်း မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိအောင် ဆရာ/ဆရာမများ၏ ဆုံးမစကားကိုနာယူ၍  ကြိုးစားအားထုတ်စေလိုကြောင်း၊ ဆရာ/ဆရာမများကလည်း ကျောင်းသား/ကျောင်းသူများအပေါ် သားသမီးသဖွယ် ကြည့်ရှုစောင့်ရှောက်၍ ဆရာ့ဝတ်ငါးပါးကို ကျေပွန်အောင် ဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ တက္ကသိုလ်၏ သင်ထောက်ကူပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးတွင် အသုံး ပြုရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အလှူငွေများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆရာ/ဆရာမများနှင့်  ကျောင်းသား/ ကျောင်းသူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ မေးမြန်း ဖြည့်ဆည်းပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်စာသင်ဆောင်များတွင် စာသင်ကြားနေမှု အခြေအနေ များ၊ တက္ကသိုလ်ပရဝဏ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုနှင့် ကျောင်းသား/ကျောင်း သူ အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျောင်းသား/ကျောင်းသူများက အဆို/အက များဖြင့် ဖျော်ဖြေပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူ များနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ကြသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် ပထမနှစ်မှ ပဥ္စမနှစ် အထိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၉၈ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။