၂၀၂၂ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ၂၀၂၂ ခုနှစ်၊ မေ ၃၁

၂၀၂၂ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီအကြို သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း အကွက်(၁၃)၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင် စိုက်ပျိုးပေးပြီး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် ရန်အောင်မြင်ကြိုးဝိုင်း အကွက်(၁၃)ရှိ အမှတ်(၁)နေရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခရေပျိုးပင်ကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပျဉ်းကတိုး ပျိုးပင်ကိုလည်းကောင်း သတ်မှတ်နေရာများတွင် ဦးဆောင် စိုက်ပျိုးပေးကြသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများသည် ရန်အောင်မြင် ကြိုးဝိုင်း အကွက်(၁၃)ရှိ အမှတ်(၁) နေရာတွင် ပျိုးပင်များကို သတ်မှတ်နေရာများ၌ စိုက်ပျိုးပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရန်အောင်မြင် ကြိုးဝိုင်း အကွက်(၁၃)၌ အခမ်းအနားသို့ တက်ရောက်လာကြသူများ တပျော်တပါး ပျိုးပင်များ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ယင်းနောက် ရန်အောင်မြင်ကြိုးဝိုင်း အကွက်(၁၃)ရှိ အမှတ်(၂)နေရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းမာပျိုးပင်ကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပန်းမယ်ဇလီ ပျိုးပင်ကို လည်းကောင်း ကျောင်းသား၊ ကျောင်းသူများနှင့် အတူ သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ရန်အောင်မြင်ကြိုးဝိုင်း အကွက်(၁၃) ရှိ အမှတ်(၂) နေရာတွင် ပျိုးပင်များကို သတ်မှတ်နေရာများ၌ စိုက်ပျိုးပေးကြသည်။

အခမ်းအနားတွင် စိန်ပန်းနီ၊ တပေဘူတ၊ ကျူးလစ်၊ ငုရွှေဝါ၊ ပျဉ်းမ၊ တမလန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ သင်းဝင်၊ အင်ကြင်း၊ ယမနေ၊ ယင်းမာ၊ ကျွန်း၊ ဆီသပြေ၊ မဟော်ဂနီ၊ ဒဟတ်၊ သခွတ်၊ မယ်ဇလီ၊ ထနောင်း၊ ရင်းတိုက်၊ မြန်မာရှား၊ ပနားမားငု၊ ပန်းမယ်ဇလီ၊ တမာ၊ သင်္ကန်း၊ ဝါးမင်း၊ ပန်းပိတောက်၊ စွယ်တော်၊ ငုစပ်၊ မယ်ဇယ်၊ ယူကလစ်၊ ခရေ၊ ဖျောက်ဆိပ်၊ ဝါးဘိုးနှင့် ထီးရိုးဝါး စသည့် ပျိုးပင် (၃၅)မျိုး၊ ပျိုးပင် အရေအတွက် (၂၇၃၉) ကို စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

ယခု ၂၀၂၂ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီတွင် နိုင်ငံပိုင် သစ်တောစိုက်ခင်း၊ သဘာဝတောတန်ဖိုးမြှင့် စိုက်ပျိုးခြင်း၊ အထူးစိမ်းလန်းစိုပြေရေး စိုက်ပျိုးခြင်း၊ ကျေးရွာထင်းစိုက်ခင်း တစ်ရွာ(၂)ဧက စိုက်ပျိုးခြင်း၊ လူထုဖြန့်ပျိုးပင်များ အနေဖြင့် ပျိုးပင်ပေါင်း ၃၀ ဒသမ ၅၇ သန်း စိုက်ပျိုးရန် လျာထားကြောင်း သိရသည်။ (သတင်းစဉ် -MOI)