သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်

နေပြည်တော် ၁-၆-၂၀၂၂၊

သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းခြင်းများနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ သစ်တောသစ်ပင်များအား ထိန်းသိမ်းသွားရန်၊ တစ်ပိုင်တစ်နိုင် တစ်အုပ်တစ်မ သစ်တောစိုက်ခင်းများနှင့် ကျေးရွာပိုင် ထင်းစိုက်ခင်းများစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ရန်၊ ကလောမြို့နယ်အား ထင်းရှူးမြို့တော် ဖြစ်စေရေး၊ ဟဲဟိုး-ဘော်ဆိုင်းလမ်းနှင့် ပင်းတယ-အောင်ပန်းလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး၊ ပြင်ဦးလွင်မြို့နယ်အား ချယ်ရီမြို့တော်ဖြစ်စေရေး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

မြန်မာနိုင်ငံ သစ်တောများပြန်လည်တည်ထောင်ရေး ၁၀ နှစ် စီမံကိန်း၏ ပထမ(၅)နှစ်တွင် တွေ့ကြုံခဲ့ရသည့် အားနည်းချက် အားသာချက်များကို စိစစ်သုံးသပ်ပြီး ဒုတိယ (၅) နှစ် စီမံကိန်းကို အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ကြရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ရေအရင်းအမြစ်များ ထာဝစဉ်တည်တံ့စေပြီး ရေရှည်အသုံးချနိုင်ရန်အတွက် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးကို စီမံချက်များ ချမှတ်၍ ဆောင်ရွက်သွားရန်၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းသတ်မှတ်ခြင်းကိုလည်း ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်သွားရန်၊

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု၊ ကမ်းရိုးတန်း ရေတိုက်စားမှုနှင့် မုန်တိုင်းဒဏ်ကို ကာကွယ်နိုင်ရန်၊ ရေနေသတ္တဝါများ၏ဂေဟစနစ်ကို အကာအကွယ်ပေးနိုင်ရန်တို့အတွက် ကမ်းရိုးတန်းဒေသရှိ မြို့နယ်များတွင် ဒီရေတောစိုက်ခင်းနှင့် တစ်အုပ်တစ်မ စိုက်ခင်းများ တည်ထောင်ခြင်းကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်၊

နိုင်ငံတော်၏ အဖိုးတန်သစ်တောသယံဇာတအရင်းအမြစ်များ ထိခိုက်ပြုန်းတီးမှု မရှိစေရန်အတွက် တရားမဝင်သစ် ခိုးထုတ်မှုလျော့နည်းပပျောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်နှင့် ဌာန၏ဘဏ္ဍာရငွေ သတ်မှတ်လျာထားချက်ကိုလည်း ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးများ၏ ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။