ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မန္တလေးတိုင်းဒေသကြီး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် စိုက်ခင်းများ ရှင်သန်အောင်မြင်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှု စစ်ဆေး

နေပြည်တော်၊ ၂၀၂၂ ခုနှစ် ဇွန်လ ၇ ရက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၇-၆-၂၀၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ အပူပိုင်း သစ်တောကြိုးဝိုင်း များ၏ ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဒေသတွင်းကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေးစီမံကိန်းဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မယ်ညိုတောင်ကြိုးဝိုင်း၊ အကွက်အမှတ် (၁၁)ရှိ (၆/၂၀၂၀) တံခွန်တိုင်ဆည် ရေဝေရေလဲစိုက်ခင်း (၆၀) ဧက နှင့် ဝမ်းတွင်းမြို့နယ်၊ မယ်ညိုတောင်ကြိုးဝိုင်း၊ အကွက်အမှတ် (၁၀)ရှိ (၈/၂၀၂၀) ရေဝေရေလဲစိုက်ခင်း (၂၀၀)ဧက သို့ရောက်ရှိရာ တာဝန်ရှိသူများ ကစိုက်ခင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကိုရှင်းလင်းတင်ပြသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းများ၏ ရှင်သန်အောင်မြင်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန အနေဖြင့် မယ်ညိုတောင်စိမ်းလန်းစိုပြည်စေရေးအတွက် မယ်ညိုတောင်ကြိုးဝိုင်းအတွင်း သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ရေဝေရေလဲ စိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ကွက်လပ်ဖြည့် စိုက်ပျိုးခြင်း၊ ရေရရှိရေးနှင့် မြေဆီလွှာထိန်းသိမ်းကာကွယ်ခြင်း၊ အပူပိုင်းဒေသဒေသမျိုးရင်း သစ်မျိုးများနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များအား စီမံကိန်းကာလ ၂၀၁၈ မှ ၂၀၂၃ ခုနှစ်အထိ သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။