သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ ၂၀၂၂ ခုနှစ်၊ မိုးရာသီ လူထုလှုပ်ရှားမှု သစ်ပင်စိုက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည့် သတင်းထုတ်ပြန်ချက်

နေပြည်တော် ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့  ၂၀၂၂ ခုနှစ်၊ မိုးရာသီ လူထုလှုပ်ရှားမှု သစ်ပင်စိုက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်း၊ အကွက်အမှတ် (၁၄) ၊ ပြင်ဦးလွင်မြို့ရှောင်လမ်းဘေးတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင်များ၊ ပြင်ဦးလွင်တပ်နယ်မှူးနှင့် တပ်နယ်မှအရာရှိများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်သည်။ သစ်ပင်စိုက်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပေးပြီး စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။

အဆိုပါသစ်ပင်စိုက်ပွဲအား စုစုပေါင်းအင်အား (၁၀၀၀) ဦးဖြင့် ချယ်ရီနှင့်စိန်ပန်းပြာ (၁၀၈၀) ပင်အား လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးခဲ့သည်။ ပြင်ဦးလွင်မြို့နယ်အား ချယ်ရီမြို့တော် ဖြစ်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီတွင် ၂ ပေ အထက် ချယ်ရီပျိုးပင် (၄၃,၅၀၀) အပါအဝင် ပျိုးပင်တစ်သိန်းအား လူထုလှုပ်ရှားမှုအသွင်ဖြင့် လမ်းဘေးဝဲယာတစ်အုပ်တစ်မ၊ ကွက်လပ် ဖြည့်စိုက်ပျိုးခြင်းနှင့် လူထုဖြန့်ဝေစိုက်ပျိုးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။