ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ် ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၈-၆-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ပြင်ဦးလွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက ဥယျာဉ်သာယာလှပရေးဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေး ကန်ဘောင်များပေါ်ရှိ ခြုံများရှင်းလင်းဆောင်ရွက်ထားမှု၊ ဥယျာဉ်ပတ်လမ်းပေါ်ရှိ  အုပ်မိုးကာဆိုင်း ရှင်လင်းထားမှု၊ ရွှံ့နွံတောဧရိယာအတွင်း ရေဝင်မြောင်းတူးခြင်းနှင့် အောက်ပေါင်းများ ရှင်းလင်းဆောင်ရွက်ထားမှု၊ ကန်တော်ကြီးအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် ရေဝင်ပေါက်များ ရေစီးရေလာကောင်မွန်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ ရေပေးဝေရေးအတွက် အရေးပါသော ဆင်လမ်းဆည်၏ ရေဝေရေလဲဒေသရှိ တောင်ပြိုတိုးချဲ့ကြိုးဝိုင်း၊ အကွက်အမှတ် (၁၀) ရှိ (၃/၂၀၂၂) ချယ်ရီစိုက်ခင်း (၅) ဧက ၊ အပင် (၂၇၀၀) နှင့်တောင်ပြိုတိုးချဲ့ကြိုးဝိုင်း၊ အကွက်အမှတ် (၉) ရှိ (၁/၂၀၂၂) ဆင်လမ်းဆည်ရေဝေရေလဲစိုက်ခင်း (၇၅) ဧကတို့၏ ရှင်သန်အောင်မြင်မှု ၊ ရေဝေရေလဲ သဘာဝတောများအား ထိန်းသိမ်းကာကွယ်ထားမှု၊ ကွက်လပ်ဖြည့်စိုက်ပျိုးထားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ဆင်လမ်းဆည်ပတ်ဝန်းကျင် စိမ်းလန်းသာယာလှပရေး၊ ဆည်အတွင်း နုန်းပို့ချမှု လျော့နည်းစေရေး၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောအုပ်ချုပ်မှု မြှင့်တင်ဆောင်ရွက်ရေး မှာကြားသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမတွင် သင်တန်းသား၊ သင်တန်းဆရာများနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး သင်တန်းဆောင်များတွင် သင်တန်းပို့ချနေမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံမြေတိုင်းကျောင်း ရှေးဟောင်းအဆောက်အဦအား ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု၊ သင်တန်းဆောင်များတွင် သင်တန်းပို့ချနေမှုနှင့် လက်တွေ့သင်ထောက်ကူပစ္စည်းများ ပြသထားမှုအား လှည့်လည့်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။