ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း၊ လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းများနှင့် စွန့်ပစ်ပစ္စည်းမှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

နေပြည်တော် ၂၀၂၂ ခုနှစ် ဇွန်လ ၁၁ ရက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လှိုင်ရိုးမ တောင်ပေါ်ကြိုးဝိုင်း၊ အကွက်အမှတ် (၈) ရှိ ၂၀၂၀ ခုနှစ် ဂေဟစနစ်ဖြည့်တင်းရေးသစ်မျိုးစုံစိုက်ခင်း ဧက (၅၀) သို့ရောက်ရှိရာ စိုက်ခင်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက် အပေါ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး၏ သစ်တောအတန်းအစားအလိုက် သစ်တော ဖုံးလွှမ်းမှု တိုးတက်စေရေး၊ ကြိုးဝိုင်း၊ ဒီရေတောကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ တိုးချဲ့ဖွဲ့စည်းရေး၊ သစ်တောစိုက်ခင်း၊ ဒီရေတောစိုက်ခင်းနှင့် လမ်းဘေးဝဲယာ တစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင်ရေး၊ သဘာဝတောနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ကာကွယ်ရေးတို့အား အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ သင်္ကန်းအပါအဝင် ကြီးမြန်သစ်မျိုး (၅၀) ဖြင့် စိုက်ပျိုးထားသော သစ်မျိုးစုံစိုက်ခင်း၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မှော်ဘီမြို့နယ်ရှိ အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးကျောင်းသို့ရောက်ရှိရာ တာဝန်ရှိသူများက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ ကျင်းပပြီးစီးခဲ့သော သင်တန်းများ၊ ထပ်မံဖွင့်လှစ်မည့် သင်တန်းအစီအစဉ်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သော သင်ကြားမှုများအား ထိထိ ရောက်ရောက် သင်ကြားပေးနိုင်ရေး မှာကြားပြီး သင်တန်းကျောင်းပြခန်း၊ ဓာတ်ခွဲခန်းများ၊ စာသင်ခန်းများ၊ အားကစားခန်းမ၊ သင်တန်းသားအိပ်ဆောင်နှင့် စုဝေးခန်းမတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ရေး သင်တန်းကျောင်းရှိ သစ်ခွတစ်သျှူးမွေးမြူခြင်း ဓာတ်ခွဲခန်းနှင့် ကျွန်းတစ်သျှူးမွေးမြူခြင်း ဓာတ်ခွဲခန်းများသို့ သွားရောက်၍ Tissue Culture နည်းဖြင့် မျိုးပွားဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေးသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည်သာမြို့နယ်၊ လှော်ကားရှိ စွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်လျက်ရှိသည့် စက်ရုံအား သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက စက်ရုံလည်ပတ်မှု နည်းစဉ် အဆင့်ဆင့်နှင့် အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအတွင်း လုပ်ငန်းလည်ပတ်မှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုသည်။ အဆိုပါစက်ရုံသည် တစ်ရက်လျှင် စွန့်ပစ်အမှိုက် တန် (၆၀) မီးရှို့လောင်ကျွမ်းခြင်းဖြင့် လျှပ်စစ်ပမာဏ အမြင့်ဆုံး (၇၆၀) ကီလိုဝပ် ထုတ်လုပ်နိုင်ပြီး၊ ၎င်းအနက် မှ (၄၀၀) ကီလိုဝပ်အား စက်ရုံလည်ပတ်ရေးအတွက် ပြန်လည်အသုံးပြု၍ တစ်ရက်ပျမ်းမျှ (၃၀၀) ကီလိုဝပ် ဖြန့်ဖြူးပေးနိုင်ကြောင်း သတင်းရရှိသည်။