ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရိဘောဂနှင့်သစ်အချောထည်စက်ရုံများ၊ ဓာတ်သတ္တုဓာတ်ခွဲခန်းနှင့် ကျောက်မျက်ရတနာပြတိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၂ ခုနှစ် ဇွန်လ ၁၂ ရက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Sima ပရိဘောဂ ထုတ်လုပ်ရေးစက်ရုံရှိ ရုံးသုံး၊ ကျောင်းသုံး၊ အိမ်သုံး ပရိဘောဂများ ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပရိဘောကထုတ်လုပ်ဖြန့်ဖြူးမှုနှင့် ဈေးကွက်အခြေအနေတို့ကိုရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပရိဘောဂထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်ဝသော ပရိဘောဂကုန်ချောများ ထုတ်လုပ်ခြင်းအား တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရုံသာမက ပြည်ပဈေးကွက်သို့လည်း တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည်သာမြို့နယ်ရှိ Diamond Mercury Wood Products ၏ သစ်အချောထည်စက်ရုံသို့ရောက်ရှိရာ စက်ရုံရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအားရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက စက်ရုံအတွင်း လှည့်လည်၍ စိုက်ခင်းများမှ ထွက်ရှိလာသော ကျွန်းပင်ကျပ်တိုင်များကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ တန်ဖိုးမြှင့်သစ်အချောထည် တံခါးနှင့်ကျည်းဘောင်များ ထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်အား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြောက်ဥက္ကလာပမြို့နယ်ရှိ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မဟာဗျူဟာမြောက် ဓာတ်သတ္တုတွင်းထွက်များ၊ အဆင့်မြင့်နည်းပညာသုံး ဓာတ်သတ္တု တွင်းထွက်များနှင့် ပတ်သက်၍ အလားအလာရှိသော သတ္တုဖြစ်ထွန်းမှုများကို ရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေး၊ ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်းစဉ်များအား တိုးမြှင့်ဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးရေး နည်းပညာနှင့်စမ်းသပ်တိုင်းတာရေးပစ္စည်းများ ပိုမိုအဆင့်မြှင့်တင် ဆောင်ရွက်ရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်သတ္တု ဓာတ်ခွဲခန်းများတွင် ကွင်းဆင်းဒေသ အသီးသီးမှ‌ ပေးပို့လာသော ဓာတ်သတ္တုနမူနာများအား ဓာတ်ခွဲစမ်းသပ်နေမှုအား ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းမြို့နယ်ရှိ ကျောက်မျက်ရတနာပြတိုက်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ပြတိုက်ဆိုင်ရာအချက်အလက်များနှင့် ပြတိုက်ထိန်းသိမ်းစောင့် ရှောက်မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ပြတိုက်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။