သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၏ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်ခဲ့သည့် ပြည်တွင်းခရီးစဉ်သတင်း

နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါအထူးစီးပွားရေးဇုန်အေရှိ  CPP Fertilizer စက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြပြီးနောက် ဒုတိယဝန်ကြီးက စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။ ဒုတိယဝန်ကြီးက သီလဝါအထူးစီးပွားရေးဇုံသည် မြန်မာနိုင်ငံ၏ အရေးကြီးသော စီးပွားရေးဇုံဖြစ်သည်နှင့်အညီ လုပ်ငန်းများဆောင်ရွက်ရာတွင် တိကျမှန်ကန်ပြီးလျင်မြန်မှုရှိစေရေး၊ ပြည်သူတို့၏ လိုအပ်ချက်များအား အချိန်နှင့်တပြေးညီပြီးစီး အောင် ဆောင်ရွက်နိုင်ရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာစီမံခန့်ခွဲမှုအစီအစဉ် (Environmental Management Plan- EMP) ပါ ကတိကဝတ်များ အတိုင်း တိကျစွာလိုက်နာရေး မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သန်လျင်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) ပရိဘောဂစက်ရုံများရောက်ရှိရာ စက်ရုံလည်ပတ်မှုအခြေအနေများနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်ဝသော တန်ဖိုးမြှင့် သစ်အချောထည်များ တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရုံ သာမက ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားပါသည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကင်းမြို့နယ်ရှိ မြေတိုင်းဦးစီးဌာနရုံးသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သင်္ကန်းကျွန်းမြို့နယ်ရှိ ဇီဝလောင်စာသစ်မျိုးများ (Biofuel Tree Species) သုတေသနစမ်းသပ်စိုက်ခင်း(၃၉)ဧကသို့ရောက်ရှိပြီး စိုက်ခင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေး၍ ဒုတိယဝန်ကြီးက သုတေသနရလဒ်အပေါ် အခြေခံ၍ လက်တွေ့ကျကျ ဆောင်ရွက်မှသာ စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်း အောင်မြင်နိုင်မည်ဖြစ်သောကြောင့် သစ်မျိုး နှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်မှုရှိစေရေး သုတေသနဆောင်ရွက်ရန်၊ စမ်းသပ်ကွက်များ၏ အပင် ကြီးထွားမှုနှင့် ရှင်သန်အောင်မြင်မှုတို့အား မှတ်တမ်းထားရှိရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။