ဒုတိယဝန်ကြီး ဦးထွန်းအုံ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ သစ်တောပျိုးဥယျာဉ်အား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်၊ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ်ရှိ သစ်တောပျိုးဥယျာဉ်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားရှိမှုအခြေအနေ၊ ပျိုးပင်အမျိုးအစားအလိုက် ဖြန့်ဝေပြီးစီးမှုနှင့် ဆက်လက်ဖြန့်ဝေ မည့်အခြေအနေ၊ ၂၀၂၃ ခုနှစ်အတွက် ပျိုးထောင်မည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ယခုနှစ်မိုးရာသီတွင် ပျိုးပင်များအား ပြည်သူများ၏လက်ဝယ်အရောက် ဖြန့်ဝေ ပေးရေး၊ စိုက်ပျိုးနည်းနှင့် ပြုစုထိန်းသိမ်းစောင့်ရှောက်မှုနည်းလမ်းများအား ပြည်သူများသို့မျှဝေ ပေးရေး မှာကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တိုက်ကြီးမြို့နယ်၊ တောင်လှိုင်ရိုးမကြိုးဝိုင်း အကွက် အမှတ် (၁၄) နှင့် (၂၁) တို့တွင် တည်ထောင်ထားရှိသည့် သစ်မာစိုက်ခင်းများနှင့် ၂၀၂၁ ခုနှစ်၊ မိုးရာသီတွင် တည်ထောင်ထားရှိသည့် တိုက်ကြီးမြို့နယ်၊ ရေစက်တောင်ကျေးရွာရှိ တစ်ရွာ ၂ ဧက ကျေးရွာသုံးထင်းစိုက်ခင်းများ၏ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများအား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ သစ်တောအတန်းအစားအလိုက် သစ်တောဖုံးလွှမ်းမှု တိုးတက်စေရေးနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ဖွဲ့စည်းရေး၊ သစ်တောသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေးအား အရှိန်အဟုန်မြှင့် ဆောင်ရွက်‌ရေး၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တောအုပ်ချုပ်မှုတိုးမြှင့်ရေးနှင့် ကျေးရွာနေပြည်သူများအတွက် ထင်း လောင်စာရရှိနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး  မှာကြားခဲ့ကြောင်း သတင်းရရှိသည်။