ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြား

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၁၇)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း ဘာသာစုံဂုဏ်ထူးရှင်များ၊ ဂုဏ်ထူးများဖြင့် အောင်မြင်သူများ ပိုမိုများပြားစွာ ပေါ်ထွက်ခဲ့သည်ကို တွေ့ရှိရပြီး၊ ယခုနှစ်တွင် ဂုဏ်ထူးရှင် စုစုပေါင်း (၁၆၉)ဦး ပေါ်ထွက်ခဲ့ပါကြောင်း၊ နှစ်စဉ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံ ဂုဏ်ထူးရှင်များ အမြဲတမ်း မပျက်မကွက် ပါဝင်လေ့ရှိသည့် မိမိတို့ဝန်ကြီးဌာန ဝန်ထမ်း သား၊ သမီး များ၏ အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်မှုအတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊

ယခု အောင်မြင်မှုများကို အခြေခံပြီး နောင်အဆင့်မြင့်မားတဲ့ ပညာရပ်တွေကို ဆက်လက် သင်ယူဆည်းပူးသွားကြရန်နှင့် အရည်အချင်း ပြည့်ဝသည့် အသိပညာရှင် အတတ်ပညာရှင်များ အဖြစ် အနာဂတ်နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နိုင်သည့် နိုင်ငံတော်က အားကိုးအားထား ပြုရသည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးပမ်းကြရန် တိုက်တွန်း မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက ဘာသာစုံ ဂုဏ်ထူးရှင်များ၊ ဂုဏ်ထူးများနှင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ရွှေတံဆိပ်ဆု၊ ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ဆုရ‌ ကျောင်းသား၊ ကျောင်းသူများကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင် မသိမ့်ပွင့်ဖြူနှင်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆုရကျောင်းသား၊ကျောင်းသူများအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့်အတူ နံနက်စာ အတူတကွ သုံးဆောင်သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကျောင်းသား/ကျောင်းသူ (၇၂၉)ဦးဝင်ရောက်ဖြေဆိုရာ (၃၉၂)ဦး အောင်မြင်သည့်အနက် (၆)ဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ (၄) ဘာသာ ဂုဏ်ထူးရှင် (၁၂)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၁၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂၉)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၁၁၀)ဦး စုစုပေါင်း (၁၆၉)ဦး ၊ ရိုးရိုးအောင်မြင်သူ (၂၂၃)ဦးနှင့် အောင်ချက်ရာခိုင်နှုန်း ၅၃.၇၇ ရာခိုင်နှုန်း ရှိပါသည်။