ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဧရာဝတီတိုင်းအတွင်း ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ ကြည့်ရှုစစ်ဆေးခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ ရောက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သယံဇာတရေးရာ ဝန်ကြီးတို့နှင့် တွေ့ဆုံ၍ ဧရာဝတီတိုင်းအတွင်း သစ်တောဖုံးလွှမ်းမှု တိုးတက်လာရေး၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ ထိန်းသိမ်းရေး၊ ဒီရေတောဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်စောင့်ရှောက်ရေး၊ သစ်တောစိုက်ခင်းများ၊ ဒီရေတောစိုက်ခင်းများ၊ လမ်းဘေးဝဲယာတစ်အုပ်တစ်မစိုက်ခင်းများ၊ ကျေးရွာသုံးထင်းစိုက်ခင်းများ ဆက်လက်တည်ထောင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဝန်ကြီးဌာနနှင့် တိုင်း ဒေသကြီးအစိုးရတို့ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေး ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့နယ်၊ သလပ်ခွာကြိုးဝိုင်း၊ အကွက် အမှတ် (၃၀) ရှိ (၁/၂၀၂၁) စီးပွားရေး ပျဉ်းကတိုးစိုက်ခင်း (၃၅၀) ဧက သို့ရောက်ရှိရာ စိုက်ခင်း ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက စိုက်ခင်းဆောင်ရွက်မှု၊ ပြီးစီးမှုအခြေအနေနှင့် တိုင်းဒေသကြီး အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းရှင်သန်အောင်မြင်နေ မှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးတွင် ဦးစီးဌာန/လုပ်ငန်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်၏ သဘာဝ သယံဇာတ အရင်းအမြစ်များဖြစ်သော သစ်တောသယံဇာတ၊ သတ္တုသယံဇာတ၊ ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ဝန်ဆောင်များကို သားစဉ်မြေးဆက် စဉ်ဆက်မပြတ် အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် စနစ်တကျစီမံဆောင်ရွက်သွားရန်၊ ဝန်ကြီးဌာန၏ ရေရှည် မျှော်မှန်းချက်နှင့် ရည်မှန်းချက်တာဝန်များ အောင်မြင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးသည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုတွင်ပါဝင်သည့်အတွက် ဝန်ထမ်းများ ၏ စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေရန်နှင့် လုပ်ငန်းခွင်ပျော်ရွှင်ရေး အစီအစဉ်များချမှတ် ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများလိုက်နာရမည့် ကျင့်ဝတ်၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာ၍ ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် မိမိတို့၏ ရည်မှန်းချက်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရန် မှာကြားခဲ့ပါသည်။