ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ ခရိုင်၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် (၃၆) ရှိ (၁/၂၀၀၈) ဒီရေတောစိုက်ခင်း (၁,၀၀၀) ဧက ထိန်းသိမ်းစောင့်ရှောက်ထားမှုအား သွားရောက်ကြည့်ရှု စစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ ခရိုင်၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် (၃၆) ရှိ (၁/၂၀၀၈) ဒီရေတောစိုက်ခင်း (၁,၀၀၀) ဧက ထိန်းသိမ်းစောင့်ရှောက်ထားမှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများ က ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် (၅၄) အတွင်း တည်ထောင်ထားသော (၂/၂၀၂၂) ဒီရေတောစိုက်ခင်း (၄၅၀) ဧကသို့ရောက်ရှိရာ စိုက်ခင်းရှင်းလင်း ဆောင်တွင် တာဝန်ရှိသူများက စိုက်ခင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းအတွင်း သမဲ့ကြီး၊ ဗြူးရွှေဝါ၊ ကျန၊ ကန့်ပလာ၊ လမု၊ ကနစို၊ မဓမသစ်မျိုး (၇) မျိုးဖြင့် စိုက်ပျိုးထားမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကဒုံကနိကြိုးဝိုင်း၊ အကွက် (၅၄) ရှိ သစ်မျိုး (၅) မျိုးဖြင့် စိုက်ပျိုးထားသော (၃/၂၀၂၁) ဒီရေတောစိုက်ခင်း (၄၀၀) ဧက ၏ ရှင်သန်အောင်မြင်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် (၄၉) ရှိ ဗြုံးမွှေးကျွန်း ပျိုးဥယျာဉ်တွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ သဘာဝဒီရေတောများနှင့် ဒီရေတောစိုက်ခင်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ရာသီဥတု ဖောက်ပြန်မှုကို လျော့ကျ စေခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက်ပျက်ဆီးမှုများကို အဟန့်အတားဖြစ်စေခြင်း၊ ငါးပုဇွန်တို့ ပေါက်ဖွားရာ နေရာများတိုးပွားလာစေခြင်း၊ ဒေသခံများ၏ လူနေမှုဘဝ တိုးတက်လာစေရန် အထောက်အကူပြုခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် မိမိဒေသရှိ ဒီရေတောများ ရေရှည်တည်တံ့စေရေးထိန်း သိမ်းစောင့်ရှောက်သွားစေလိုကြောင်း တိုက်တွန်းပြောကြားသည်။ ဆက်လက်၍ ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ထောက်ပံ့ငွေများပေးအပ်ကာ ဒေသခံများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗြုံးမွှေးကျွန်းပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှု၊ အကွက်အမှတ် (၄၉) ရှိ သဘာဝဒီရေတောများ ထိန်းသိမ်းစောင့်ရှောက်ထားမှု နှင့် ဗြုံးမွှေးကျွန်းပတ်ဝန်းကျင် ဒေသခံများ မိကျောင်းအန္တရာယ် ကင်းဝေးစေရေးအတွက် မိကျောင်း အန္တရာယ် ကင်းစင်ရေးခြံများ ဆောင်ရွက်ထားရှိမှုအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

          ဧရာဝတီတိုင်းဒေသကြီးတွင် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၂ မိုးရာသီအတွင်း ဒီရေတောစိုက်ခင်း (၂,၈၀၀) ဧက တည်ထောင်စိုက်ပျိုးလျက်ရှိပါသည်။