ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ တို့၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် (၀၇:၂၀)နာရီအချိန်က ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားလျက်ရှိသော မာရဝိဇယရုပ်ပွားတော် မြတ်ကြီးသို့သွားရောက်ရာ အဓိကလမ်းမကြီးဖြစ်သည့် စံပယ်လမ်း လမ်းဘေး ဝဲ/ယာ၌ ကျင်းပ ပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်တို့က သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ကိုယ်စားလှယ်များသို့ စိုက်ပျိုးမည့်ပျိုးပင်များ အသီးသီးပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်တို့က ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်များကို စတင်စိုက်ပျိုး ပေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာများတွင် ကံ့ကော်ပင်(၁၁၈)ပင်၊ ခရေပင်(၅၈)ပင်နှင့် စိန်ပန်းပင်(၅၈)ပင်၊ စုစုပေါင်း(၂၃၄)ပင်ကို တပျော်တပါး စိုက်ပျိုးကြရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်တို့က သစ်ပင်စိုက်ပျိုး နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။