ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ ဒုတိယအကြိမ် ညှိနှိုင်းအစည်း‌ဝေးသို့တက်ရောက်ခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုကော်မတီ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ သယံဇာတရေးရာ ဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။ ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ရရှိစေရေးအတွက် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုသာမက သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများသည် စီးပွားရေးနှင့်လူမှုဘဝတိုးတက်မြင့်မားရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့်အတူ ပါရီသဘောတူညီချက်အရ နိုင်ငံအဆင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်တွင် ပါဝင်သည့် ကဏ္ဍအလိုက် ရည်မှန်းချက်များအား အကောင်အထည်ဖော်နိုင်ရေးအတွက် ဆက်စပ် ဝန်ကြီးဌာန များ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် မြို့နယ်အဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် ပတ်ဝန်းကျင်အရည်အသွေး ထိန်းချုပ်ရေးကို တစ်ပါတည်း လက်တွေ့ကျင့်သုံး ဆောင်ရွက်သွားနိုင် ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်မှုကော်မတီများက ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။ ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီအတွင်းရေးမှုး တို့က ကဏ္ဍအလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာသောသူများက ကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေး တင်ပြကြပြီး ဆွေးနွေးချက်များအပေါ် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည်။