ဆင်ဖြူတော်ပေါ်ထွန်းကြောင်း သတင်းထုတ်ပြန်ခြင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားရှိသော ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ထူးခြား အသွင်သဏ္ဍာန်ရှိသည့် ဆင်ဖြူတော် (အထီး) ကလေး (၁)စီးအား ၂၃-၇-၂၀၂၂ ရက်နေ့ နံနက်ပိုင်း မင်္ဂလာအချိန် ၀၆း၃၀ နာရီတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်ကလေးမှာ အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကျောအလျား ၂ ပေ၊ အမြီးအလျား ၁ ပေ ၆လက်မနှင့် မွေးဖွားစ ကိုယ်အလေးချိန် ၁၈၀ ပေါင်ခန့် ရှိပါသည်။ ရှေးသမိုင်းပညာရှိများ၏ မိန့်ဆိုချက်များအရ ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ များသည် မျက်လုံး ပုလဲရောင်၊ ငှက်ပျောကိုင်းသဏ္ဍာန်ကျောကုန်း၊ အဖြူကဲ့သို့ အမွှေးရောင်၊ အမြီးမှာ တခါးပိတ်လက်ဝါးပုံသဏ္ဍာန်၊ အရေပြား ဩဇာကွက်၊ အသားအရေ ပန်းရောင်၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၅ ခုစီပါပြီး နားရွက်မှာ နားကြီးခြင်းတို့ ရှိရမည် ဖြစ်ကြောင်း အချက် ၈ ချက်ဖြင့်ဖော်ပြထားပါသည်။ အထက်ဖော်ပြပါ ရခိုင်ပြည်နယ်တွင် ထပ်မံပေါ်ထွန်းသည့် ဆင်ဖြူတော်(အထီး) ကလေး သည် ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများအနက် မျက်လုံး ပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီး တခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ ဩဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းတို့ကြောင့် ဆင်ဖြူတော်ကလေးမှာ ရတနာ ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများနှင့် ကိုက်ညီမှုရှိကြောင်းနှင့် အချက် ၈ ချက် တွင် ၇ ချက် ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ ယခင်ပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော် ၉ စီးတွင် ပထမဆုံးပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော် ၁ စီး သာ ကြန်အင်လက္ခဏာ ၇ ချက်နှင့် ကိုက်ညီခဲ့ပြီး ကျန်ဆင်ဖြူတော် ၈ စီးမှာ အများဆုံး ၆ ချက်သာ ကိုက်ညီသည်ကို စိစစ်တွေ့ရှိရပါသည်။ ယခုပေါ်ထွန်းလာသည့် ဆင်ဖြူတော်ကလေးမှာ အသက်(၁၀) ရက်သားတွင် အရပ်အမြင့် ၂ ပေ ၅ လက်မခွဲခန့်နှင့် ကိုယ်အလေးချိန် ၁၉၀ ပေါင်ခန့်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင် လျက်ရှိပါသည်။