နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ကံ့ကော်ပင်အား ဦးဆောင်စိုက်ပျိုးပေး

နေပြည်တော် ဩဂုတ် ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဘုရားသွားလမ်း စံပယ်လမ်းဝဲယာ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်အတွင်းနိုင်ငံတော်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို မိုးကြိုကာလ၊ မိုးဦးကာလများမှ ယခုမိုးလယ်ကာလအထိ ကျင်းပဆောင်ရွက်ပေးနေခြင်းသည် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပရေးတို့အတွက် ပြည်သူလူထုက ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ပေးရန် ရည်ရွယ်ကျင်းပခြင်းပင်ဖြစ်ကြောင်း။

သစ်တော၊ သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေပြီး အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သည့်အတွက် “မြေဆီစုံခိုက် သစ်ပင်စိုက်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ လူထုပူးပေါင်းပါဝင်မှုဖြင့် သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပခြင်းကို အားပေးဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်း ယခုနှစ်မိုးရာသီတွင် သစ်ပင် ၃၀ ဒသမ ၅၇ သန်း စိုက်ပျိုးတည်ထောင်သွားရန် ရည်မှန်းထားသည့်အတိုင်း သက်ဆိုင်ရာဝန်ကြီးဌာနက ဇူလိုင်လကုန်တွင် လျာထားချက် ပြည့်မီအောင် စိုက်ပျိုးပြီးဖြစ်သည့်အတွက် စိုက်ပျိုးပင်များ အောင်မြင်ရှင်သန်ရေးကို ဆက်လက်အားစိုက် ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း။

နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစေရန်၊ စိမ်းလန်းစိုပြည်သာယာစေရန်၊ ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ စီးပွားဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေရန်၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကို တုံ့ပြန်ဆောင်ရွက်စေရန် Green Campaign များ ဆောင်ရွက်နေသကဲ့သို့ ပါကစ္စတန်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ စသည့် ဒေသတွင်းနိုင်ငံများ၌ အစီအစဉ်အမျိုးမျိုးဖြင့် Green Campaign များ မြှင့်တင်ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရပါကြောင်း။

ကမ္ဘာ့ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကို တုံ့ပြန်ဆောင်ရွက်ရာတွင် သစ်တောများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ သစ်တောတစ်ဟက်တာသည် ကာဗွန်ပမာဏ ၅၃ ဒသမ ၂ မက်ထရစ်တန်ခန့် သိုလှောင်ထိန်းသိမ်းထားနိုင်ပြီး ကမ္ဘာ့သစ်တောများသည် ကာဗွန်မက်ထရစ်တန် သန်းပေါင်း ၂ သိန်းကျော် သိုလှောင်ထားကြောင်း၊ တစ်နှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုက်မက်ထရစ်တန် ၁၆ ဒသမ ၂ သန်းကျော် စုပ်ယူပေးလျက်ရှိကြောင်း သုတေသနတွေ့ရှိချက်များအရ လေ့လာသိရှိရသည့်အတွက် သစ်တောများ ထိန်းသိမ်းစိုက်ပျိုး ထူထောင်ရေးကို အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကြောင့် ထိခိုက်နိုင်ခြေ မြင့်မားသည့် နိုင်ငံများစာရင်းတွင် ပါဝင်သည်ဟု လေ့လာတွေ့ရှိရပါကြောင်း၊ အပူချိန်မြင့်တက်ခြင်းနှင့် မိုးရွာသွန်းမှုပြောင်းလဲခြင်း အကျိုးဆက်အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းများ ပိုမိုတိုက်ခတ်လာနိုင်ခြင်း၊ မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းတို့ကဲ့သို့ ရာသီဥတုဖောက်ပြန်မှုများ ပိုမိုဖြစ်ပေါ်လာပြီး အနောက်တောင် မုတ်သုံလေဝင်ရောက်ချိန် ပုံမှန်ထက်နောက်ကျပြီး ဆုတ်ခွာချိန် ပုံမှန်ထက်စောလာသည့်အတွက် မုတ်သုံကာလ တိုတောင်းခြင်းများကြောင့် နိုင်ငံ၏စိုက်ပျိုးရေးလုပ်ငန်းများကိုပါ ထိခိုက်လာနိုင်ကြောင်း။

ရာသီဥတုပြောင်းလဲမှုကြောင့် ကြုံတွေ့လာရသည့် သဘာဝဘေးအန္တရာယ်များကို ပြန်ကြည့်မည်ဆိုပါက ၂၀၀၈ ခုနှစ်၊ မေလတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ကြရပြီး နိုင်ငံအနေဖြင့်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အားစိုက်ဆောင်ရွက်ခဲ့ရသည်ကို အားလုံးသိရှိကြကြောင်း၊ နာဂစ်မုန်တိုင်းဒဏ်၏ လေပြင်းတိုက်ခတ်မှုနှင့် ပင်လယ်ဒီရေလှိုင်းများမြင့်တက်မှုကို ဒီရေတောများက ထိထိရောက်ရောက်ကာကွယ်ပေးသဖြင့် ဒေသခံများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုနည်းပါးခဲ့သည်ကို လက်တွေ့သိမြင်ခဲ့ရသည့်အတွက် ဒီရေတောကာကွယ်ထိန်းသိမ်းရေးနှင့် ပြန်လည်စိုက်ပျိုးထူထောင်ရေး လုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ကြရန် လိုအပ်မှုကို သင်ခန်းစာရရှိခဲ့ပါကြောင်း။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမမြောက်ဒီရေတောဧရိယာ အများဆုံးပိုင်ဆိုင်သည့်နိုင်ငံဖြစ်ပြီး မြန်မာ့ကမ်းရိုးတန်းများတစ်လျှောက်ရှိ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဒီရေတောများကို အများဆုံး တွေ့ရှိရပါကြောင်း၊ ဒီရေတောများသည် ကမ်းရိုးတန်းဒေသနေ ပြည်သူများအတွက် အခြေခံစားဝတ်နေရေး လိုအပ်ချက်များ ပံ့ပိုးပေးနိုင်သည့်အပြင် နိုင်ငံ၏ ငါး၊ ပုစွန်၊ ကဏန်း ရေထွက်ကုန်သယံဇာတများတိုးပွားရေး၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးရေး၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုလျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် အလွန်အရေးပါသည့် ဂေဟစနစ်ဖြစ်ပါကြောင်း။

ထို့ကြောင့် ဒီရေတောများ ထိန်းသိမ်းကာကွယ်ရေးနှင့် ပြန်လည်တည်ထောင် စိုက်ပျိုးရေးတို့ကို ဦးစားပေးမြှင့်တင် ဆောင်ရွက်သွားကြရန် ကမ်းရိုးတန်း တိုင်းဒေသကြီးနှင့် ပြည်နယ်ခရီးစဉ်များတွင် အစဉ်လမ်းညွှန်မှာကြားလျက်ရှိသကဲ့သို့ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီ ဖွဲ့စည်းပေးပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဒီရေတော ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများ၊ အဏ္ဏဝါအမျိုးသားဥယျာဉ်များ တိုးချဲ့ဖွဲ့စည်းခြင်း၊ နိုင်ငံပိုင်ဒီရေတောစိုက်ခင်းများ တည်ထောင်ခြင်းနှင့် ယခုနှစ်မိုးရာသီမှစတင်ပြီး ကိုကိုးကျွန်း အပါအဝင် ပင်လယ်ကမ်းရိုးတန်းဒေသ မြို့နယ်(၆၀)၌ ဒီရေတောပင်၊ အရိပ်ရပင် တစ်အုပ်တစ်မစိုက်ခင်းများကို လူထုပူးပေါင်းပါဝင်မှုဖြင့် စိုက်ပျိုးတည်ထောင်လျက်ရှိ သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အတူ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း။

မြန်မာနိုင်ငံတွင်ရှိသည့် မြစ်ကြီး(၄)သွယ် အပါအဝင် မြစ်ချောင်းကွန်ရက်များမှ နှစ်စဉ်ရေချို ဧကပေသန်း (၈၀၀)ကျော် စီးဆင်းလျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် နှစ်စဉ်ရေချိုပမာဏ ဧကပေ (၄၅)သန်းကျော်သာ အသုံးပြုလျက်ရှိသည့်အတွက် နှစ်စဉ်စီးဆင်းနေသည့် ရေချိုပမာဏ၏ (၅)ရာခိုင်နှုန်းခန့်ကိုသာ သုံးစွဲနေသည်ကို တွေ့ရှိရကြောင်း။

နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေသယံဇာတဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ရေအရင်းအမြစ်များကို အခြေခံသည့်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရန် အလားအလာကောင်းများစွာ ရှိပါကြောင်း၊ နိုင်ငံ၏ မြစ်ချောင်းကွန်ရက်များကို ရေရှည်ထိန်းသိမ်း အသုံးပြုနိုင်ရေးအတွက် ရေဝေရေလဲဒေသ သစ်တောများ ထိန်းသိမ်းရေးကို ထိရောက်စွာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ရေဝေရေလဲ ဒေသတွင်ရှိသည့် သစ်တောများ ပျက်စီးပြုန်းတီးသည့်အခါ နုန်းအနည်အနှစ်များသည့် ရေများ၊ မြစ်ချောင်းများအတွင်း တိုက်ရိုက်စီးဆင်းခြင်း၊ ရေစီးကြောင့် မြေပြိုတိုက်စားခြင်း၊ ရေကြီးခြင်း၊ မြေအောက်ရေ ထိန်းသိမ်းနိုင်မှုမရှိခြင်း၊ မြစ်ချောင်းများ တိမ်ကောစေခြင်း၊ စိုက်ပျိုးမြေများ ရေတိုက်စားမှုကြောင့် ပျက်စီးခြင်း စသည့် နောက်ဆက်တွဲ ဆိုးကျိုးများ သက်ရောက်စေသည့်အပြင် ရေသယံဇာတအခြေပြု ဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်သည့် ရေအသုံးပြုရေး၊ လျှပ်စစ်ထုတ်လုပ်ရေး၊ ငါးနှင့် ရေထွက်ကုန် သယံဇာတ ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုပါ ထိခိုက်နိုင်သည့်အတွက် ရေဝေရေလဲ ဧရိယာအတွင်းရှိ သစ်တောများထိန်းသိမ်းရေးကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက ညှိနှိုင်းပေါင်းစပ်ပြီး ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

နိုင်ငံ၏ ပထဝီဝင်အနေအထားအရ သဘာဝဂေဟစနစ်နှင့် သယံဇာတများ အမျိုးအစားစုံလင်စွာ တည်ရှိလျက်ရှိရာ မြန်မာနိုင်ငံမိုးနည်းရပ်ဝန်းတွင်ရှိသည့် အပူပိုင်းဒေသသစ်တောများ ထိန်းသိမ်းရေးကိုလည်း အာရုံစိုက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အပူပိုင်းဒေသသစ်တောများ ပြုန်းတီးသည့်အခါ မိုးကွင်းပြီး မိုးခေါင်ရေရှားခြင်း၊ မြေအောက်ရေဆုံးရှုံးခြင်း၊ ရေထွက်စိမ့်စမ်းများပျောက်ကွယ်ခြင်း၊ မြေဆီလွှာ အဆင့်အတန်း ကျဆင်းရာမှ သဲကန္တာရဖြစ်ထွန်းနိုင်ခြင်း စသည့် အကျိုးဆက်များ ဖြစ်လာနိုင်ပါကြောင်း၊ စိုက်ပျိုးရေရရှိရေးကိုလည်း ထိခိုက်စေပြီး ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများကို ထိခိုက်စေမည်ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် အပူပိုင်းဒေသ၏ အိုအေစစ်ဖြစ်သည့် ပုပ္ပါးတောင်စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများကို ၁၉၉၀ ပြည့်နှစ်များက စတင်ပြီး ထိထိရောက်ရောက် ဆောင်ရွက်ခဲ့သည့်အတွက် ရေထွက်စိမ့်စမ်းများ ပြန်လည်ပေါ်ထွက်လာပြီး ရာသီဥတုမှန်လာကာ စိုက်ပျိုးရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုဆောင်ရွက်လာနိုင်ပြီး စိမ်းလန်းစိုပြည်သာယာလှပစွာဖြင့် ဖွံ့ဖြိုးလာသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဖြစ်သည့် အပူပိုင်း ဒေသသစ်တောများ ထိန်းသိမ်းရေး၊ သစ်တောများ ပြန်လည်စိုက်ပျိုးရေး၊ ကျေးရွာများ ရေရရှိရေးအတွက် ရေတွင်း၊ ရေကန်များ တူးဖော်ပြုပြင်ရေးနှင့် ထင်းအစား အခြားလောင်စာနှင့် စွမ်းအားမြှင့်မီးဖိုများ သုံးစွဲရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် အကျိုးဆက်စပ်ပတ်သက်သူများ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။

နိုင်ငံတော်အနေဖြင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ နိုင်ငံလူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် နိုင်ငံတစ်ဝန်း အမျိုးအစားစုံလင်သည့် သစ်တောဂေဟစနစ်များ ထိန်းသိမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း၊ နိုင်ငံတကာသဘောတူညီချက်များတွင် ပါဝင်ဆောင်ရွက်ခြင်းတို့ကိုလည်း အလေးထား ဆောင်ရွက်နေပါကြောင်း။

မြန်မာလူမျိုးတို့သည် ရေရှည်အကျိုးကို မျှော်မှန်းပြီး နောင်လာနောက်သားများ အသုံးပြုနိုင်ရန် သစ်ပင်စိုက်ပျိုးကြသည့် မြန်မာ့ဓလေ့နှင့်အညီ သစ်တော၊သစ်ပင် တိုးမြှင့်စိုက်ပျိုးရေးကို အားပေးသည့်အနေဖြင့် ကမ္ဘာ့အကြီးဆုံး ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားလျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အဝင်လမ်းတွင် စိမ်းလန်းသာယာပြီး မိဘပြည်သူများ စိတ်ချမ်းမြေ့စွာဖူးမြော်နိုင်ရေး သစ်ပင်စိုက်ပျိုးပွဲများကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် မြှင့်တင်ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း၊ ယခုစိုက်ပျိုးခြင်းသည် စတုတ္ထအကြိမ်ရှိပြီဖြစ်ပါကြောင်း၊ နောင်အချိန်တွင် စိမ်းလန်းသာယာလှပပြီး စိတ်ချမ်းမြေ့ဖွယ်ရာလမ်းမကြီးအဖြစ် ရောက်ရှိလာမည်ဖြစ်ပါကြောင်း၊ အသုံးပြုသူအားလုံး အေးမြလှပသည့်အရိပ်အာဝါသနှင့် ခံစားရစေမည်ဖြစ်သည့်အတွက် ကြီးမားသည့် ကုသိုလ်တစ်ခု ဆောင်ရွက်ခြင်းလည်း ဖြစ်ပါကြောင်း။

နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု လျှော့ချရေး၊ သဘာဝဘေးကာကွယ်ရေးစသည့် ကိစ္စရပ်များအတွက် အလွန်အရေးပါသည့် နိုင်ငံနှင့်အဝန်း သစ်ပင်သစ်တောများ ဖုံးလွှမ်းစိမ်းစိုသာယာရေးကို အလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် အခြေခံစားဝတ်နေရေး လိုအပ်ချက်များကို ပံ့ပိုးပေးပြီး လူမှုစီးပွားဖွံ့ဖြိုးရေးကို အထောက်အကူပြုလျက်ရှိသည့် နိုင်ငံ့သစ်တောသယံဇာတများကို ရှေးလူကြီးသူမများ ဆုံးမဆိုရိုးထားရှိသည့် “ဥတုရာသီ တောကိုမှီ၊ တောတောင်ရှိမှ စမ်းရေရ၊ တောတောင်ပျက်ပြုန်း မြေဆီသုဉ်း၊ တောတောင်ခြောက်ခမ်း လယ်ယာနွမ်း” ဟူသည့် စကားနှင့်အညီ သစ်တောသစ်ပင်များနှင့် ဂေဟစနစ်ကို မပျက်စီးအောင် ထိန်းသိမ်းကာကွယ်ပေးကြရမည်ဖြစ်ကြောင်း၊ သစ်တောပြုန်းတီးခြင်းဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများကို အလေးထားဂရုပြုပြီး နိုင်ငံ၏ကြွယ်ဝသည့် သစ်တောသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့ပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် စနစ်တကျ အကျိုးရှိရှိအသုံးပြုနိုင်အောင် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ် ပြုစုထူထောင်သွားကြရမည်ဖြစ်သည်ဟု တိုက်တွန်းနှိုးဆော်လိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့က ကံ့ကော်ပင်များကို သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးကြသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများသည် စံပယ်လမ်းဝဲယာ၌ ပျိုးပင်များကို အသီးသီးစိုက်ပျိုးပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များ တပျော်တပါး စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယနေ့ကျင်းပပြုလုပ်သည့် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် ကံ့ကော်၊ ခရေနှင့် စိန်ပန်းသစ်မျိုး ပျိုးပင်စုစုပေါင်း ၇၇၆ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ (MOI သတင်းစဉ်)