ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ ၄/၂၀၂၂ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် မြန်မာ့သစ်လုပ်ငန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခြင်း

သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ၄/၂၀၂၂ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့သစ် လုပ်ငန်းရုံးချုပ်(ကြို့ကုန်း)တွင်ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏သစ်တောသယံဇာတများအား ရေရှည် တည်တံ့စေသည့် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ်ဖြင့် စီမံဆောင်ရွက်လျက်ရှိပြီး သယံဇာတ ထုတ်ယူသုံးစွဲခြင်းအား သစ်တောကာကွယ်ထိန်းသိမ်းခြင်းကို ဦးစားပေး၍ အကန့်အသတ်ဖြင့် အနည်းဆုံး လိုအပ်ချက်ကိုသာ ထုတ်ယူလျက်ရှိကြောင်း၊ ထွက်ရှိလာသော သစ်များကိုလည်း တန်ဖိုးမြှင့်သစ်အချောထည်များထုတ်လုပ်ပြီး ပြည်တွင်း/ပြည်ပဝင်ငွေများ ရှာဖွေရေး၊ ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အရေးများ ဖန်တီးပေးရေးတွင် သစ်အခြေခံစက်မှု လုပ်ငန်းများ၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်း၊ သစ်အ‌ခြခံစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဌာနနှင့် လုပ်ငန်းရှင်များ ညှိနှိုင်းပေါင်းစပ်၍ Teamwork ဖြင့် ဆောင်ရွက်သွားရန်နှင့် နည်းပညာ/လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် လိုကြောင်း၊ ထုတ်လုပ်သည့် သစ်အချောထည်များ ပြည်တွင်း/ပြည်ပ စျေးကွက် ရရှိရေး၊ ဝယ်လိုအားရရှိမှုအပေါ်မူတည်၍ လပ်ပုံတင်ဒါပမာဏကို ချိန်ဆဆောင်ရွက်ရေး၊ ကျွန်းနှင့်သစ်မာ တင်ဒါကိစ္စရပ်များ ပိုမိုအဆင်ပြေချောမွေ့စေရေး၊ စနစ်တကျဖြစ်စေရေးနှင့် ရေတိုရေရှည် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို မဟာဗျူဟာမြောက် ချမှတ်အကောင်အထည် ဖော်ရေး အထူးကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ကော်မတီ ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ဝင်များက သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်လျက်သော လုပ်ငန်း အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ကဏ္ဍအလိုက် တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်  မြန်မာ့သစ်လုပ်ငန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများချမှတ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်‌ရောက်၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။