ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်အချောထည်စက်ရုံအတွင်း တန်ဖိုးမြှင့် သစ်အချောထည် ပစ္စည်းများထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်နှင့် ဝါးကုန်ချောပစ္စည်းနှင့် ပရိဘောဂ ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခြင်း

မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန်ရှိ United Wood Industries စက်ရုံ အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံသည် အာရှတွင် တတိယမြောက် ဝါးနှင့်ကြိမ် သယံဇာတကြွယ်ဝသောနိုင်ငံဖြစ်ပြီး ဝါးမျိုးစု ၂၁ မျိုးနှင့် ဝါးမျိုးစိတ် ၁၀၂ မျိုး၊ ကြိမ်မျိုးစု ၆ မျိုးနှင့် ကြိမ်မျိုးစိတ် ၃၂ မျိုး ပြန့်နှံ့ ပေါက်ရောက်လျက်ရှိပြီး စီးပွားရေးအရ အရေးပါသော ဝါးမျိုးစိတ် ၁၈ မျိုးနှင့် ကြိမ်မျိုးစိတ် ၁၄ မျိုးရှိကြောင်း၊ နှစ်စဉ်ပျဉ်းမျှ ဝါအလုံးရေ ၁၄၇ သန်းနှင့် ကြိမ်အလုံးရေ ၄.၈ သန်းကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ပြည်တွင်း/ပြည်ပဝင်ငွေများ ရှာဖွေပေး လျက်ရှိကြောင်း၊ ပြည်ပစျေးကွက်သို့ တင်ပို့ရောင်းချမှုတွင် ကုန်ကြမ်းများတင်ပို့ခြင်းထက် ဝါးအ ချောထည်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း၊ ကြိမ်နှင့်ဝါးအခြေခံ စက်မှုလုပ်ငန်းများ တိုးတက်လာစေရန်အတွက် စက်ရုံများအတွက် လိုအပ်သော ဝါးကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေးအတွက် သဘာဝတောများမှသာမက ဝါးစိုက်ခင်းများ တည်ထောင်၍ ဖြည့်ဆည်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော စိုက်ခင်းများတွင် ဝါးစိုက်ပျိုးမှု တိုးမြှင့်ဆောင်ရွက်ပြီး လိုအပ်သော ပျိုးပင်နှင့်စိုက်ပျိုးနည်းပညာများကို ဖြန့်ဝေသွားရမှာဖြစ်ကြောင်း၊ လုပ်ငန်းရှင်များနှင့် ဝါးစိုက်တောင်သူများ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ဌာနမှ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။ ဆက်လက်၍ တက်‌ရောက်လာသူများက ဝါး၊ကြိမ် ပေါက်ရောက်မှု၊ ထုတ်လုပ်နိုင်မှု၊ စိုက်ပျိုး ပျိုးထောင်မှုနှင့် ဝါးအချောထည်ပစ္စည်းများ တိုးမြင့်ထုတ်လုပ်နိုင်ရေးနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို အကျယ်တဝင့် ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်အချောထည်စက်ရုံအတွင်း တန်ဖိုးမြှင့် သစ်အချောထည် ပစ္စည်းများထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်နှင့် ဝါးကုန်ချောပစ္စည်းနှင့် ပရိဘောဂထုတ်လုပ်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ဥက္ကလာပမြို့နယ်ရှိ Green Gold Industry သစ်အချောထည်စက်ရုံအတွင်း ကျွန်း၊ပျဉ်းကတိုး ကြမ်းခင်း၊ လှေကား၊ တံခါးနှင့် ပရိဘော ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။