ဒုတိယဝန်ကြီး ဦးထွန်းအုံ ပဲခူးမြို့ရှိ ကန်တော်ကြီး ရေဝေရေလဲကြိုးပြင်ကာကွယ်တောအတွင်းရှိ ပရဆေးဥယျာဉ်၊ သစ်မျိုးစုံစိုက်ခင်း၊ သီးနှံသစ်တောရောနှောစိုက်ခင်း ကြည့်ရှုစစ်‌ဆေး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉  ရက်၊ နံနက်ပိုင်းတွင် ပဲခူးမြို့ရှိ ကန်တော်ကြီး ရေဝေရေလဲကြိုးပြင်ကာကွယ်တောအတွင်းရှိ ပရဆေးဥယျာဉ်၊ သစ်မျိုးစုံစိုက်ခင်း၊ သီးနှံသစ်တောရောနှောစိုက်ခင်းနှင့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးခဲ့သည့်သစ်ပင်များ ရှင်သန်အောင်မြင်မှုအား ကြည့်ရှုစစ်ဆေးပြီး သစ်တောသယံဇာတ ထုတ်ယူသုံးစွဲမှုကိုလျှော့ချ၍ ပြည်သူများ၏သစ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ တည်ထောင်ရန်၊ စိုက်ခင်းများအား ပြုစုထိန်းသိမ်းရေးကို သစ်တော သယံဇာတရေရှည်တည်တံ့စေသည့် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ်ဖြင့် စီမံဆောင်ရွက်ရန်နှင့် ပွင့်လင်းရာသီသို့ ရောက်ရှိပါက တောမီးအန္တရာယ်ကာကွယ်ရေးကို အလေးထားဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၅၀/၅) ၊ ဧက ၆၉၅၁၂ ရှိသော စလူကြိုးဝိုင်းအတွင်းရှိ အကွက်အမှတ် (၂၆၄) မှ ရတနာတင့်ကုမ္ပဏီ၏ ပုဂ္ဂလိကဝါး စိုက်ခင်း ၁၀၀ ဧက တည်ထောင်ထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဌာနအနေဖြင့် ဝါးပျိုးပင်နှင့်စိုက်ပျိုးနည်းစနစ်များကို ဝါးစိုက်တောင်သူများသို့ ဖြန့်ဝေသွားရန်နှင့် ဝါးအခြေခံတန်ဖိုးမြှင့် အချောထည်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ ပြည်တွင်း ပြည်ပဈေးကွက်ရရှိရေး၊ အဆိုပါထုတ်ကုန်များကို ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး ပေါင်းစပ် ဆောင်ရွက်သွားရန် မှာကြားသည်။

          ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပဲခူးမြို့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သစ်တောဦးစီးဌာန၊      ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းတို့မှ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် တာဝန်ခံအရာထမ်းများနှင့် တွေ့ဆုံရာတွင် ဝန်ထမ်းများအနေဖြင့် သစ်တောသယံဇာတရေရှည် တည်တံ့ရေးနှင့် စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို သစ်တောဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များအတိုင်း စီမံအုပ်ချုပ်ကြရန်နှင့် အဂတိကင်းရှင်းစွာဖြင့် နိုင်ငံ့ဝန်ထမ်းများ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။