ဒုတိယဝန်ကြီးဦးထွန်းအုံ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လှိုင်ရိုးမတောင်ပေါ်ကြိုးဝိုင်းအကွက်အမှတ် (၁၅) အတွင်း တည်ထောင်စိုက်ပျိုးထားရှိသည့် မန်ဂျန်ရှား ၅၃၅ ဧက စိုက်ခင်းအား ကြည့်ရှုစစ်ဆေး

သယံဇာတနှင့်သာဘဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၀  ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လှိုင်ရိုးမတောင်ပေါ်ကြိုးဝိုင်းအကွက်အမှတ် (၁၅) အတွင်း သစ်တောထွက်ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က တည်ထောင်စိုက်ပျိုးထားရှိသည့် မန်ဂျန်ရှား ၅၃၅ ဧက စိုက်ခင်းအား ကြည့်ရှုစစ်ဆေးရာ စိုက်ခင်းများ အား ပုဂ္ဂလိကသစ်တောစိုက်ခင်းများတည်ထောင်ခြင်းဆိုင်ရာညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်အောင်မြင်အောင် ပြုစုထိန်းသိမ်းသွားရန်၊ အဖိုးတန်စိုက်ခင်းများ ဖြစ်လာရေး အချိန်မှန် စနစ်တကျ ပင်ကျပ်နှုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန်၊ စိုက်ခင်းမှထွက်ရှိ လာမည့် ပင်ကျပ်တိုင်၊ မျောများအား တန်ဖိုးမြှင့် သစ်တောထွက်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး နှင့် ဈေးကွက်များသို့ တင်ပို့နိုင်ရေး ဆောင်ရွက်ရန်၊ ပုဂ္ဂလိကသစ်တောစိုက်ခင်းမှ သစ်တောထွက်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် သဘာဝတောမှ ထုတ်လုပ်မှုလျှော့ချနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ဆောင်ရွက်ပေးရန်၊ ပွင့်လင်းရာသီသို့ရောက်ရှိပါက တောမီးအန္တရာယ်ကာကွယ်ရေးကို အလေးထားဆောင်ရွက်ရန် မှာကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ဗဟိုသစ်တော လုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာနနှင့် အာရှဒေသအဆင့်သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း (AFoCO RETC) သို့ရောက်ရှိပြီး သင်တန်းကျောင်းအတွင်းရှိ ပြခန်း၊ စာသင်ခန်း၊ သင်ထောက်ကူခန်း၊ ဓာတ်ခွဲခန်း၊ စာကြည့်တိုက်၊ အားကစားခန်း၊ စားရိပ်သာနှင့် သင်တန်းသားအိပ်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ယခုသင်တန်းကျောင်းများက ဖွင့်လှစ်ပို့ချလျက်ရှိသည့်သင်တန်းများသည် ဌာန၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူဖြစ်စေရန်၊ ဌာနလုပ်ငန်းများဆောင်ရွက်ရာတွင် စွမ်းအားပြည့်ဆောင်ရွက်နိုင်ရေး အတွက် အထောက်အကူဖြစ်စေမည့် သင်တန်းများကို အလေးထားဖွင့်လှစ်ရန်နှင့် သစ်တောကဏ္ဍနှင့် ဆက်စပ်သည့် ဒေသခံပြည်သူများ၏ လူမှုစီးပွားကိုအထောက်အကူဖြစ်စေမည့် သင်တန်းများကိုလည်း ထည့်သွင်းဖွင့်လှစ်ရန်၊ သင်တန်းကျောင်းအဆင့် အတန်းကျဆင်းသွားခြင်းမရှိစေရေး စနစ်တကျ ထိန်းသိမ်းသွားရန်နှင့် မီးဘေးလုံခြုံရေးကို  အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။