ဒုတိယဝန်ကြီး ဦးထွန်းအုံ သစ်တောထွက်ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ (၂၉) ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည် အစည်းအဝေးတက်ရောက်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြန်မာ့သစ် လုပ်ငန်း၊ တော်ဝင်ခန်းမ၌ ကျင်းပပြုလုပ်သည့် သစ်တောထွက်ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ (၂၉) ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည် အစည်းအဝေးသို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
အဖွင့်အမှာစကားပြောကြားရာတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုနှင့်ဂေဟစနစ် တည်ငြိမ်မျှတရေးတို့အတွက် အရေးပါသည့် သစ်တောသယံဇာတများ ရေရှည် တည်တံ့စေရန် မိမိတို့ဝန်ကြီး ဌာနအနေဖြင့်သာမက အခြားဆက်စပ်ဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောဖက်စပ်သည် အများပိုင်စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ စီးပွားရေးလုပ်ငန်းများကို ကောင်းမွန်သော ပူးပေါင်းစီမံအုပ်ချုပ်မှု (Good Cooperate Governance) နှင့်အညီ အစဉ်အလာကောင်းများ၊ စည်းမျဉ်းစည်းကမ်းများဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ စီမံအုပ်ချုပ် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် ရင်းနှီးမြုပ်နှံသူနှင့် ပြည်သူများ၏ ယုံကြည်မှုရရှိအောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြီးခဲ့သည့်နှစ်များက ရရှိခဲ့သည့်အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များကို သုံးသပ်၍ နိုင်ငံတော်၏အကျိူး၊ ရှယ်ယာရှင်များ၏ အကျိုးကို ရှေးရှုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၁၉၉၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သဖြင့် လာမည့် ၂၀၂၃ ခုနှစ်ဆိုလျှင် နှစ် (၃၀) ပြည့်မည်ဖြစ်၍ သစ်တောဖက်စပ်၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကာ စွမ်းဆောင်ရည်ပြည့်ဝသည့် စီးပွားရေးအဖွဲ့အစည်းတစ်ခုအဖြစ် ရေရှည်ရပ်တည်သွားနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ သစ်တောဖက်စပ်ဒါရိုက်တာအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အကြံပေးများ၊ အစုရှယ် ယာရှင်များ စုံလင်စွာတက်ရောက်ပြီး ညနေပိုင်းတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။