၂၀၂၂ ခုနှစ်တွင်‌ ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ  မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ  ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၃-၇-၂၀၂၂ ရက်နေ့ နံနက် မင်္ဂလာအချိန် ၀၆း၃၀  နာရီတွင်  မွေးဖွားခဲ့ပြီး အဆိုပါ  ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင်  အရပ်အမြင့် ၂ ပေ  ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိပါသည်။

          အဆိုပါ ဆင်ဖြူတော်ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက် အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူ ရောင်ဖြစ်ခြင်း၊ အမြီး တံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ ဩဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင် ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်ကလေးဖြစ်ပါသည်။

          အထက်ပါ  ဆင်ဖြူတော်ကလေးမှာ  ယခုအသက် ၄၅ ရက်သားအရွယ်တွင်  အရပ်အမြင့် ၂ ပေ ၇ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၅ လက်မ၊ ကိုယ်အလေးချိန် ၂၀၂ ပေါင်ခန့်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်ကလေးမှာ ငယ်စဉ် ကတည်းကပင် လူနှင့် ယဉ်ပါးသည့် ဆင်ဖြူတော်ကလေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် Human and Friendly စနစ်ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။