ဒုတိယဝန်ကြီး ဦးထွန်းအုံ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) စက်မှုဇုန်ရှိ National Wood Industry လီမိတက်၏ သစ်အခြေခံအချောထည် စက်ရုံသို့ သွားရောက်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်၊ နေ့လယ်ပိုင်းတွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) စက်မှုဇုန်ရှိ National Wood Industry လီမိတက်၏ သစ်အခြေခံအချောထည် စက်ရုံသို့ သွားရောက်၍ စက်ရုံအတွင်း ကျွန်းသစ်လုံးများ တင်ဒါစနစ်ဖြင့် ဝယ်ယူစုဆောင်းထား ရှိမှု၊ ခေတ်မီစက်များအသုံးပြု၍ အဆင့်ဆင့်ခွဲစိတ်ဖြတ်တောက်မှု၊ အရွယ်အစား အမျိုးအစား အလိုက် အချောထည်ထုတ်လုပ်မှု၊ ဘေးထွက်ပစ္စည်းများကို စွန့်ပစ်မှုမရှိရအောင် အဆင့်မြင့် နည်းပညာနှင့် ခေတ်မီစက်ကိရိယာအသုံးပြု၍ ပြည်ပပို့သစ်အချောထည်များအဖြစ် ထုတ်လုပ် နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။

ထို့နောက် စက်ရုံရှင်းလင်းဆောင်တွင် အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်ဝင်းက National Wood Industry လီမိတက်အနေဖြင့် သင်္ဘောကိုယ်ထည် နှင့်ကြမ်းခင်းတွင်အသုံးပြုသည့် သစ်အချောထည် (Decking) အပါအဝင် သစ်အချောထည်ပစ္စည်း များကိုထုတ်လုပ်တင်ပို့လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သစ်အချောထည် ၈၄၆.၂၇ ကုဗတန်၊ ၂၀၂၁-၂၀၂၂   ၆  လ  ဘဏ္ဍာနှစ်တွင် သစ်အချောထည် ၈၃၃.၃၈ ကုဗတန်၊ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် တွင် ၈၁၆.၅၇ ကုဗတန်ကို ပြည်ပ နိုင်ငံများသို့ တင်ပို့နိုင်ခဲ့ပါကြောင်း၊ ယခုလည်း ဆက်လက်တင်ပို့လျက်ရှိကြောင်း ထို့အပြင် ထုတ်လုပ်မှုအဆင့်ဆင့်မှ ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်းများကိုလည်း အဆင့်မြင့်နည်းပညာ အသုံးပြု၍ သစ်အခြေခံအချောထည်များအဖြစ် ထုတ်လုပ်လျက်ရှိပါကြောင်းနှင့် သစ်အခြေခံ အချောထည်ပစ္စည်းများအား ပြည်ပသာမက ပြည်တွင်း လိုအပ်ချက်များအတွက်ပါ ဖြည့်ဆည်းပေး လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြပါသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရေးနှင့် အရည်အသွေးမြင့် မြန်မာ့ကျွန်းသစ်အခြေခံ အချောထည်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပစျေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

MSME လုပ်ငန်း တစ်ခုဖြစ်သည့် National Wood Industry လီမိတက်သည် မြန်မာ့ကျွန်းသစ် အခြေခံ အချောထည်များကို ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး ပြည်ပစျေးကွက်များသို ပိုမို တင်ပို့နိုင်ရေး MSME ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုတ်မြင့် ဆောင်ရွက်ရေးအတွက် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။