စက္ကုကိုပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအတွက် ကြီးမြန်သစ်တောစိုက်ခင်း တည်ထောင် စိုက်ပျိုးခြင်းနှင့် ဝါးထုတ်လုပ်နိုင်မှု အခြေအနေတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စက္ကုကိုပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအတွက် ကြီးမြန်သစ်တောစိုက်ခင်း တည်ထောင် စိုက်ပျိုးခြင်းနှင့် ဝါးထုတ်လုပ်နိုင်မှု အခြေအနေတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ နေ့လယ်ပိုင်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့က အဖွင့် အမှာစကား အသီးသီးပြောကြားပြီး အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြား ရေးမှူးက စက္ကူကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး စက္ကူစက်ရုံများအတွက် ကုန်ကြမ်းသစ်လုံးနှင့် ဝါးလိုအပ်ချက် အခြေအနေကိုလည်းကောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်က ကြီးမြန် သစ်တောစိုက်ခင်း တည်ထောင်စိုက်ပျိုးခြင်းနှင့် ဝါးထုတ်လုပ်နိုင်မှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသူများက ကြီးမြန်သစ်ပင်စိုက်ခင်း တည်ထောင်လျှင် သစ်မျိုး အလိုက် တစ်ဧက သစ်ထွက်နှုန်း၊ တစ်ဧက ခန့်မှန်းကုန်ကျစရိတ်၊ နှစ်စဉ်ထုတ်လုပ်ရရှိနိုင်မည့် ပမာဏ၊ စက္ကူစက်ရုံများ ၏ တည်နေရာ ဒေသအလိုက် ပေါက်ရောက်ဖြစ်ထွန်းနိုင်မည့် သစ်မျိုးများ၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက စက်မှုကုန်ကြမ်းစိုက်ခင်းများ တည်ထောင်နိုင်မည့်အလားအလာများ၊ သဘာဝ တောများမှ နှစ်စဉ်ထုတ်လုပ်နိုင်မည့် ဝါးအရေအတွက်နှင့် ခန့်မှန်းတန်၊ ဒေသအလိုက် စိုက်ပျိုးရန် သင့်လျော်သော ဝါးအမျိုးအစားများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

အဆိုပါ အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ စက်မှုဝန်ကြီးဌာနမှ ဦးဆောင် ညွှန်ကြားရေးမှုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။