ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီးအတွင်းအပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၁၁-၁၁-၂၀၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ တောင်းတွင်းကြီး မြို့နယ်၊ ငမင်ကြိုးဝိုင်းအတွင်း တည်ထောင်ထားသော သစ်မျိုးစုံစိုက်ခင်း (၁၀၀) ဧကအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သစ်မျိုး(၅၁)မျိုးဖြင့် စိုက်ပျိုးထားမှုအ‌ခြေအနေနှင့် သုတေသနဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားသည်။

၁၂-၁၁-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မကွေးတိုင်းဒေသကြီး၊  ဆင်ပေါင်ဝဲမြို့နယ်၊ သာစည်ကြိုးပြင်ကာကွယ်တောရှိ ၃/၂၀၂၁ အထူးစိမ်းတစ်အုပ်တစ်မ ၃၀၀၀ ပင်၊ သဘာဝတောထိန်း ဧက ၁၀၀၀ အတွင်း ကွက်လပ်ဖြည့်စိုက်ပျိုးထားသော ၄/၂၀၂၁ အထူးစိမ်း ကွက်လပ်ဖြည့် ၄၀၀၀ ပင်၊ ၅/၂၀၂၁ အထူးစိမ်း အပင်ကြီးစိုက်ပျိုးမှု ၉၃၆၀ ပင် တို့၏ ရှင်သန် အောင်မြင်မှုအခြေအနေအားလည်းကောင်း၊ တောပုန်းကြိုးပြင်ကာကွယ်တောရှိ ၂/၂၀၂၂ ကျေးရွာ ထင်းစိုက်ခင်း ၅၅ ဧကနှင့် ၃/၂၀၂၂ အခြားစိုက်ခင်း ၃၀ ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေ အားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ် ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင်ကာ ကွယ်တောအတွင်း တည်ထောင်စိုက်ပျိုးသော ၂/၂၀၂၁ တောင်တန်းစိုက်ခင်း ၁၀၀ ဧက၊ ၅/၂၀၂၁ အထူးစိမ်းအပင်ကြီး တစ်အုပ်တစ်မ ၃၂၄၀ ပင်၊ ၃/၂၀၂၂ အထူးစိမ်း တစ်အုပ်တစ်မ ၁၅၀၀ ပင်၊ ၃/၂၀၂၁ အထူးစိမ်း တစ်အုပ်တစ်မ ၁၅၀၀ ပင်၊ ၁/၂၀၂၁ အထူးစိမ်းစိုက်ခင်း ၆၂၀၀ ပင်နှင့် ပုဂံဂံကြိုးဝိုင်းအတွင်း စိုက်ပျိုးထားသော ၁/၂၀၂၂ ကျေးရွာထင်းစိုက်ခင်း ၅၀ အား ကြည့်ရှုစစ်ဆေး ပြီး သဘာဝတောကျန်များအား ပိုမိုတိုးတက်လာအောင်ဆောင်ရွက်ပြီး သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေး အရှိန်အဟုန်မြင့်ဆောင်ရွက်ရန်၊ သဘာဝတောကျန်များရှိ ကွက်လပ်နေရာများတွင် ဒေသနှင့်ကိုက်ညီသော သစ်မျိုးများဖြင့် ကွက်လပ်ဖြည့်စိုက်ပျိုးခြင်းအား ထိထိရောက်ရောက်ဆောင်ရွက်သွားရန်၊ ကျေးရွာသုံးထင်းစိုက်ခင်းများ ပိုမိုတိုးချဲ့စိုက်ပျိုးရန်နှင့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ အသုံးပြုနိုင်ပြီး ထင်းလောင်စာသုံးစွဲမှု ၄၀ ရာခိုင်နှုန်းချွေတာနိုင်သော စွမ်းအားမြင့်မီးဖိုများအား ဒေသခံပြည်သူများထံ ဆက်လက်ဖြန့်ဝေသွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက မိုးရေစုကန်များ ဆောင်ရွက်ပေးထားသော မင်းဘူးမြို့နယ်၊ ဇီးအိုင်အုပ်စု၊ တဲကုန်းရွာရှိ ရွာသူ၊ ရွာသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ် ရွှေတပင်အမြဲတမ်းပျိုးဥယျာဉ်အတွင်း ၂၀၂၃ မိုးရာသီတွင် စိုက်ပျိုးရန်ပျိုးထောင်ထားသော ပျိုးပင် ၈၈၀၀၀ နှင့် အထူးစိမ်းပျိုးပင် ၂၉၀၀၀ ပျိုးထောင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။