ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၊ နတ်ကန်ဦး ကြိုးပြင်ကာကွယ်တောရှိ အထူးစိမ်းလန်းရေးစိုပြည်ရေးဇုံ စီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၁၃.၁၁.၂၀၂၂ ရက်နေ့နံနက်ပိုင်းတွင် မကွေးမြို့ရှိ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးသစ် တည်ဆောက်ပြီးစီးမှုနှင့် တိုင်းမြို့မ အမြဲတမ်း ပျိုးဥယျာဉ်အတွင်း ၂၀၂၃ မိုးရာသီတွင် စိုက်ပျိုးရန် ပျိုးထောင်ထားသော တမာပျိုးပင် ၈၅၀၀၀ နှင့် အပူပိုင်းသစ်မျိုး ပျိုးပင် ၃၃၀၀၀ ကျော် ပျိုးထောင်ထားရှိမှု အခြေအနေတို့အား ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့နယ် ဒေါင်းနေ တိုးချဲ့ကြိုးပြင် ကာကွယ်တောအတွင်း တည်ထောင်စိုက်ပျိုးထားသော ၁/၂၀၂၀ ကျေးရွာ ထင်းစိုက်ခင်း ယူကလစ် ၂၀ ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေနှင့် ဒေါင်းနေအမြဲတမ်း ပျိုးဥယျာဉ်အတွင်း ယူကလစ်၊ ရှား၊ ဒဟက်၊ ကုက္ကို၊ ဖျောက်ဆိပ် အပါအဝင် အပူပိုင်းသစ်မျိုးပျိုးပင် ၁၂၀,၀၀၀ ကျော် ပျိုးထောင် ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရေနံချောင်းမြို့နယ်၊ နတ်ကန်ဦး ကြိုးပြင် ကာကွယ်တောရှိ ရေနံချောင်းမြို့နယ် အထူးစိမ်းလန်းရေးစိုပြည်ရေးဇုံ စီမံကိန်းသို့ရောက်ရှိရာ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ ထို့နောက် စီမံကိန်းဧရိယာအတွင်း တည်ထောင်ထားသော ၂၀၂၀ ဖြည့်စွက်အထူးစိမ်းစိုက်ခင်း ၁၂၀၀၀ ပင်၏ ရှင်သန်ကြီးထွားမှုအခြေအနေအားလည်းကောင်း၊ ၂/၂၀၂၂ ဖြည့်စွက်အထူးစိမ်းစိုက်ခင်း ၁၁၀၀၀ ပင်၏ အောင်မြင်ဖြစ်ထွန်းနေမှုအားလည်းကောင်း၊ နတ်ကန်ဦးနှင့် ယင်းမာချောင်း သဘာဝ တောကျန် ၂၀၀၀ ဧက ထိန်းသိမ်းကာကွယ်ထားမှုနှင့် သဘာဝတောကျန်များ တိုးတက်ကောင်းမွန် လာမှု အခြေအနေအားလည်းကောင်း၊ ၂၀၂၂ စံပြတမာစိုက်ခင်း ၂၀ ဧက၏ အောင်မြင်မှု အခြေအ နေအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရေနံချောင်း အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်ခဲ့ပြီး သဘာဝတောကျန်များအား ထိန်းသိမ်းကာကွယ်ခြင်း၊ ဒေသခံပြည်သူများအား သစ်တော ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လာစေရန် အသိပညာပေးခြင်း၊ တောကျန် ကွက်လပ်နေရာများအား ဖြည့်စွက်စိုက်ပျိုးခြင်း၊ သစ်မျိုးအလိုက် ရှင်သန်ကြီးထွားမှုနှင့် ဒေသနှင့် ကိုက်ညီမှုအား သုတေသနပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ မကွေးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၃ မိုးရာသီတွင် ဆောင်ရွက်မည့် စိုက်ခင်းတည်ထောင်ခြင်း၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ လူထု လှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးခြင်းနှင့် လူထုဖြန့်ဝေခြင်းများအတွက် သစ်မျိုးစုံ ပျိုးပင် ၃ သန်းခွဲ ကျော်အား ပျိုးထောင်ထားရှိပြီးဖြစ်ပါသည်။