ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် ကျင်းပပြုလုပ်သည့် (၁၇) ကြိမ်မြောက်၊၂၀၂၂ ခုနှစ် Eco Expo Asia ပြပွဲသို့ တက်ရောက်ခဲ့

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. TSE Chin-wan ၏ ဖိတ်ကြားချက်အရ ဟောင်ကောင်အထူး အုပ်ချုပ်ရေးဒေသ၊ Hong Kong Convention and Exhibition Centre ၌ ဒီဇင်ဘာ (၁၄) ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပခဲ့သော (၁၇) ကြိမ်မြောက်၊ ၂၀၂၂ ခုနှစ် Eco Expo Asia သို့ တက်ရောက် ခဲ့သည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခြင်း

ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် Eco Expo Asia ဖွင့်ပွဲအခမ်းအနားကို Hong Kong Convention and Exhibition Centre ၌ ကျင်းပခဲ့ရာ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသအစိုးရအဖွဲ့၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. TSE Chin-wanနှင့် ပြည်ထောင်စု ဝန်ကြီး၊ ဦးခင်မောင်ရီတို့က ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်မိန့်ခွန်းအသီသီးပြောကြားခဲ့သည်။ ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံသည် အာရှဒေသတွင်း နိုင်ငံများနည်းတူ ဂေဟစနစ်အခြေပြု ဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အလမ်းများစွာရှိကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်နိုင်ရေး အတွက် ဒေသတွင်းနိုင်ငံများနှင့်အတူ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုရရှိရေးအတွက် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် ကာဗွန်မျှခြေရရှိရေးဆိုင်ရာ ခိုင်မာသည့် မူဝါဒနှင့် မဟာဗျူဟာအစီအစဉ်များ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ပါရီ သဘော တူညီချက်အရ “အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေး လုပ်ငန်းအစီအစဉ် (NDCs)” ကို ၂၀၂၁ ခုနှစ်တွင် တင်ပြခဲ့ပြီး ၂၀၃၀ ခုနှစ် ကာဗွန် ထုတ်လွှတ်မှု လျှော့ချရေး ရည်မှန်းချက်များ ရရှိရေးအတွက်  သဘာဝ အခြေပြုဖြေရှင်းနည်းလမ်းများ (Nature Based Solutions)ဖြစ်သည့် အမြဲတမ်းသစ်တောနယ်မြေများ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ၊ သစ်တောစိုက်ခင်းများ တိုးမြှင့်တည်ထောင်လျက်ရှိကြောင်း၊ ပြည်သူလူထု ပူးပေါင်း ပါဝင်သည့် အစိမ်းရောင်ဖွံ့ဖြိုးရေး ကမ်ပိန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိမ်းရောင် စီးပွားရေး မူဝါဒမူဘောင်ကို ရေးဆွဲထားရှိပြီး သန့်ရှင်းသောစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေး၊ အမှိုက်မှ စွမ်းအင်ထုတ်လုပ်ရေးနှင့် အစိမ်းရောင် ပို့ဆောင် ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက်အရှိန်မြှင့်တင် ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း ပတ်ဝန်းကျင် ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များဖြင့် အမြဲ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ပြောကြားခဲ့သည်။

ပြခန်းများ လှည့်လည်ကြည့်ရှု

          ပြည်ထောင်စုဝန်ကြီးသည် Eco Expo Asia ဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သံတမန်များနှင့်အတူ အစိမ်းရောင်အခြေပြု စီမံကိန်းပြခန်းများ၊ ဂေဟစနစ်နှင့် လိုက်လျောညီထွေသည့် ထုတ်ကုန်များဆိုင်ရာ ပြခန်းများ၊ လေအရည်အသွေး သန့်စင်ပေးခြင်း ဆိုင်ရာ ပြခန်းများ၊ အမှိုက်များ ပြန်လည်သန့်စင်ခြင်းနှင့် စွမ်းအင်ထုတ်လုပ်ခြင်းဆိုင်ရာ ပြခန်းများ၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများအခြေပြု စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ ပြခန်းများ၊ အစိမ်းရောင် အဆောက်အဦများ ဖွံ့ဖြိုးရေးဆိုင်ရာ ပြခန်းများ၊ အစိမ်းရောင် ပို့ဆောင်ဆက်သွယ်ရေးဖြစ်သည့် လျှပ်စစ်ကား၊ လျှပ်စစ်နှင့်ဓါတ်ငွေ့သုံး Hybrid ကားနှင့် ဟိုက်ဒရိုဂျင် လောင်စာသုံး ကားများဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။

ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ ဆွေးနွေး

ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် ဟောင်ကောင်အထူးအုပ်ချုပ်ရေး ဒေသအစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာ ဝန်ကြီးဌာနရုံး၌ ဝန်ကြီး H.E. Mr. TSE Chin-wan နှင့် တွေ့ဆုံဆွေးနွေးကြရာတွင် ဟောင်ကောင်၏ ၂၀၅၀ ခုနှစ် ကာဗွန်မျှခြေရရှိရေးဆိုင်ရာ ရည်မှန်းချက်ပြည့်မှီရေးအတွက် ကာဗွန်ကင်းစင်သည့် လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍ၊ အစိမ်းရောင် အဆောက်အဦများဖွံ့ဖြိုးရေးနှင့် စွမ်းအင်ချွေတာရေးကဏ္ဍ၊ အစိမ်းရောင် သယ်ယူပို့ဆောင်ရေး ကဏ္ဍ နှင့် စွန့်ပစ်အမှိုက်လျှော့ချရေးကဏ္ဍစသည့် ဦးစားပေးနယ်ပယ် (၄) ခုတွင် ဆောင်ရွက်နေမှု အခြေအနေများကိုဆွေးနွေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်လျက်ရှိရာတွင် သဘာဝအခြေခံဖြေရှင်းနည်းလမ်းများဖြင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် သစ်တောကဏ္ဍနှင့် စွမ်းအင်ကဏ္ဍတို့ကို ဦးစားပေးဆောင် ရွက်လျက်ရှိကြောင်း၊ စွန့်ပစ်အမှိုက်များ လျှော့ချရေးနှင့် အမှိုက်မှလျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်း ကိုလည်း တည်ဆောက်လည်ပတ်လျက်ရှိကြောင်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍမှ ကာဗွန်ထုတ်လွှတ် မှု လျှော့ချနိုင်ရေးအတွက် လျှပ်စစ်ကား တိုးမြှင့်အသုံးပြုရေးနှင့် ထုတ်လုပ်နိုင်ရေးအတွက် မူဝါဒ ချမှတ်ပြီး စတင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အစိမ်းရောင်ဖွံ့ဖြိုးရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲများ တက်ရောက်ခြင်း

ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ဟောင်ကောင်မြန်မာ ကုန်သည်ကြီးများအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဒီဇင်ဘာလ (၁၅) ရက်နေ့၊ (၁၆) ရက်နေ့နှင့် (၁၇) ရက်နေ့တို့တွင် ကာဗွန်မျှခြေရရှိရေးနှင့် ပတ်လည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ၊ အစိမ်းရောင် အဆောက်အဦများ ဖွံ့ဖြိုးရေးနှင့် စွမ်းအင်ချွေတာရေးဆိုင်ရာ၊ ကာဗွန် ဈေးကွက် ဖွံ့ဖြိုးရေးဆိုင်ရာနှင့် ဟိုက်ဒရိုဂျင်စွမ်းအင်အခြေပြု ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲများသို့  တက်ရောက်ခဲ့ကြပါသည်။