(၃၄) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲနှင့် ဦးစီးအရာရှိနှင့်ဒုတိယဦးစီးမှူးများ ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ်(၁၆) ဖွင့်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်

(၃၄)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်း၌ သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၊ ရေဆင်းတွင် ကျင်းပ ပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန် ကြားရေးမှူးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ သုတေသန စာတမ်းရှင်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုသုတေသနစာတမ်းဖတ်ပွဲ ၏ အဓိကရည်ရွယ်ချက်များမှာ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသန တွေ့ရှိချက် များကို ဆက်စပ်ပတ်သက်သူများအကြား ဆွေးနွေးတင်ပြနိုင်ရန်၊ သုတေသနတွေ့ရှိချက်များ ဖြန့်ဝေနိုင်ရန်၊ ပညာရပ်ဆိုင်ရာအသိအမြင်များ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ရန်နှင့် ဆက်လက် ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများအတွက် အကြံပြုချက်များ ရယူနိုင်ရန်ဖြစ်ကြောင်း၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စွာ စီမံအုပ်ချုပ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သတ္တုသယံဇာတများကို ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်ပါ သတ်မှတ်ချက်များနှင့်အညီ စနစ် တကျ ထုတ်ယူသုံးစွဲပြီး နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ချက်ညီညီ ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် ပြဿနာ၊ အခက်အခဲနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် အသုံးချ သုတေသန ကဏ္ဍသည် အရေးကြီးကြောင်း၊

ယနေ့ရင်ဆိုင်နေရသော သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် နည်းလမ်းသစ်များ၊ ချဉ်းကပ်မှုပုံစံသစ်များကို သုတေသနပြု လေ့လာဖော်ထုတ်ကြရမည့်အပြင် သဘာဝကို အခြေခံသည့် ဖြေရှင်းနည်းလမ်းများကိုလည်း သုတေသနပြု၍ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သတ္တုတူးဖော်ရေးကဏ္ဍတွင်လည်း ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လျော့နည်းစေပြီး Responsible Mining ဖြစ်စေရေး၊ ရေရှည်ထုတ်ယူသုံးစွဲနိုင်သည့် စနစ်တကျစီမံခန့်ခွဲမည့် နည်းလမ်း များနှင့် ပတ်သက်၍ သုတေသန လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားရန်လိုအပ်ကြောင်းဖြင့် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခင်းကျင်းပြသထားသော သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသန ပိုစတာများ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ နှင့် ဒုတိယဦးစီးမှူးများ ဌာနတွင်းလုပ်ငန်းခွင် မွမ်းမံသင်တန်း အမှတ်စဉ် ၁၆ သင်တန်းဖွင့်ပွဲသို့ တက်ရောက်၍ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရေးနှင့် လူသားအရင်းအမြစ် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ပြောင်းလဲတိုးတက်လာသော ခေတ်နှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာ၍ လုပ်ငန်းခွင်တွင် စာတွေ့/ လက်တွေ့ပေါင်းစပ်၍ အကျိုးရှိအောင် အသုံးချဆောင်ရွက်သွားရန်နှင့် စည်းကမ်းလိုက်နာ၍ အရည်အချင်းပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းသွားရန် မှာကြားခဲ့ပါသည်။