(၂၃) ကြိမ်မြောက် “Baltic Sea Day” ဆိုင်ရာ နိုင်ငံတကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဖိုရမ်၏ အဏ္ဏဝါနှင့်ကမ်းရိုးတန်း သဘာဝထိန်းသိမ်းရေးနယ်မြေများဆိုင်ရာ ဆွေးနွေးပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်

(၂၃) ကြိမ်မြောက် “Baltic Sea Day” ဆိုင်ရာ နိုင်ငံတကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဖိုရမ်၏ အဏ္ဏဝါနှင့်ကမ်းရိုးတန်း သဘာဝထိန်းသိမ်းရေးနယ်မြေများဆိုင်ရာ ဆွေးနွေးပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်

 (၂၃) ကြိမ်မြောက် “Baltic Sea Day” ဆိုင်ရာ နိုင်ငံတကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဖိုရမ် ၏ အဏ္ဏဝါနှင့် ကမ်းရိုးတန်း သဘာဝထိန်းသိမ်းရေးနယ်မြေများဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် ရှရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ Hybrid format ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် အဏ္ဏဝါထိန်းသိမ်းရေး နယ်မြေ (၄) ခု ဖွဲ့စည်းထားပြီး ဒီရေတော၊ ကမ်းရိုးတန်းဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်း ဆောင်ရွက်လျက်ရှိရာ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ကို ၂၀၀၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ် ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီမှ အပြာရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး ရင်းနှီးမြှုပ်နှံ နိုင်မည့် နယ်ပယ်များကိုရှာဖွေဖော်ထုတ်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကမ်းရိုးတန်း ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကမ်းရိုးတန်းသယံဇာတများကို ရေရှည် စဉ်ဆက်မပြတ် ထုတ်ယူအသုံးပြုနိုင်ရန်၊ ကမ်းရိုးတန်း​ ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ကမ်းရိုးတန်းဒေသများရှိ ဇီဝ မျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန် ကဏ္ဍစုံပါဝင်သော ကမ်းရိုးတန်းစီမံအုပ်ချုပ်မှု (Integrated Coastal Management-ICM) ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် အဏ္ဏဝါ အမှိုက် သရိုက်စုပုံမှု တိုက်ဖျက်ရေးအတွက် အမျိုးသားအဆင့် ပလတ်စတစ်ဆိုင်ရာ လုပ်ငန်း အစီအစဉ်ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ် ထိန်းသိမ်းရေး လုပ်ငန်းများ တွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းဖိုရမ်သည် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ သဘာဝအရင်းအမြစ် အသုံးပြုမှုနှင့် ဂေဟစနစ် ဘေးကင်းလုံခြုံရေးအတွက် ရုရှားနိုင်ငံ၏ အနောက်-မြောက်ပိုင်းတွင် ကျင်းပသည့် အကြီးဆုံး ဖိုရမ်ဖြစ်ပြီး ဆွေးနွေးပွဲတွင် အဏ္ဏဝါထိန်းသိမ်းရေးနယ်မြေများ၏ အခန်းကဏ္ဍ၊ အဏ္ဏဝါဒေသများနှင့် ကမ်းရိုးတန်းများတွင် လူသားများ၏ လုပ်ဆောင်ချက်များကြောင့် ညစ်ညမ်းမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှု ဖြစ်စေသည့် သက်ရောက်မှုများအား ကာကွယ်ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့နှင့်စပ်လျဉ်း၍ တက်ရောက်လာသော ပတ်ဝန်းကျင်ဆိုင်ရာ ဌာနအဖွဲ့ အစည်းများ၊ ကျွမ်းကျင်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သိပ္ပံနှင့်သုတေသန ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပါသည်။