သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ရန် ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၂ ခုနှစ် မိုးရာသီ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲ ရှင်သန်အောင်မြင်မှုများအား ကြည့်ရှ

        သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂.၅.၂၀၂၃ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ် ၁၄ အတွင်းရှိ ၂၀၂၃ ခုနှစ် မိုးရာသီအကြို လူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်မည့် မြေနေရာ ၆.၆ ဧကအား မြေနေရာရှင်းလင်းခြင်း၊ ပန္နက်ရိုက်ခြင်း၊ ကျင်းတူးခြင်း၊ မြေဆွေးထည့်ခြင်းနှင့် ကျင်းဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြးခဲ့ပါသည်။ ယခု မိုးရာသီအကြို သစ်ပင်စိုက်ပွဲတွင် စီးပွားရေးအရ အရေးပါသော ကျွန်း၊ ပျဉ်းကတိုးသစ်မျိုးများ၊ ရာသီအလိုက် ပန်းပွင့်သည့် သစ်မျိုးများ၊ အကြီးမြန်သစ်မျိုးများနှင့် အရိပ်ရ လေကာသစ်မျိုးများ စုစုပေါင်းသစ်မျိုး ၁၃ မျိုး၊ ပျိုးပင်ပေါင်း ၁,၉၈၀ ပင်အား လူထုလှုပ်ရှားမှု အသွင်ဖြင့် စိုက်ပျိုးသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီအကြိုနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ၃၇၁ ကြိမ်၊ ပျိုးပင် ၂၂၆,၀၀၀ ကျော် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ် ၁၃ ရှိ မြေနေရာ ၇.၅၃ ဧက အတွင်း ၂၀၂၂ ခုနှစ် မိုးရာသီအကြို ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သော သစ်ပင်များ၏ ရှင်သန်အောင်မြင်မှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားခဲ့ပါသည်။ ၂၀၂၂ ခုနှစ် မိုးရာသီအကြို ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး ၃၅ မျိုး ပျိုးပင် ၃၃၇၂ ပင်စိုက်ပျိုးခဲ့ပြီး ယခုအခါ ရှင်ပင်  ၉၇ ရာခိုင်နှုန်း၊ ပျမ်းမျှအပင်အမြင့် ၇ ပေ ၆ လက္မနှင့် အမြင့်ဆုံးအပင်အမြင့်မှာ ၁၀ ပေ ၆ လက္မ ရှိကြောင်း သိရသည်။