သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်အတွင်းရှိ သစ်တောလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

        သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၇-၅-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ကူပြင်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၃)ရှိ ၁/၂၀၂၂ စီးပွားရေးကျွန်းစိုက်ခင်း (၁၁၀) ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ကျွန်းစိုက်ခင်းများ တည်ထောင်ရန် အတွက် ကျွန်းမျိုးကောင်း မျိုးသန့်အစေ့များ ကြိုတင်စုဆောင်းရန်နှင့် စိုက်ခင်းတည်ထောင်ခြင်း SOP အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

       ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်ရှိ အင်းပြင်ပျိုးဥယျာဉ်သို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ကလောမြို့အား ထင်းရှူးမြို့တော် ဖြစ်စေရေးအတွက် အမြင့် ၂ ပေ အထက် ထင်းရှူးပျိုးပင်များ စိုက်ပျိုးခြင်းအား အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်နှင့် ပျိုးဥယျာဉ်များတွင် ပျိုးပင်များ ကြိုတင်ပျိုးထောင်ထားရန်၊ တစ်ပင်စိုက် တစ်ပင်ရှင်စေအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ အင်းလေးကန် စိမ်းလန်းစိုပြည်ရေးအတွက် အင်းလေးကန် ရေဝေရေလဲဒေသရှိ သစ်တောများအား ထိန်းသိမ်း ကာကွယ်ရန်နှင့် ရေဝေရေလဲသစ်တောစိုက်ခင်းများ တိုးချဲ့ တည်ထောင်သွားရန်၊ ဇီဝမျိုးစုံမျိုးကွဲများ အား ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရန်၊ တောင်ကြီးမြို့ ရေရရှိရေးအတွက် အရေးပါသော ထီသိမ်ကန် ရေထွက်နှင့် ရေဝေရေလဲဧရိယာများအား ထိန်းသိမ်းရန်၊ တရားမဝင်သစ် ဖမ်းဆီးရေးအား စီမံချက်များရေးဆွဲ၍ အထူးအလေးထား ဆောင်ရွက်သွားရန်၊ ပင်းတယ-ဘော်ဆိုင်း ကားလမ်းဘေး ဝဲယာ တစ်အုပ်တစ်မစိုက်ပျိုးထားသော ထင်းရှူးပင်များအား ထိန်းသိမ်းစောင့်ရှောက်သွားရန်  မှာကြား သည်။ ထို့နောက် ပျိုးဥယျာဉ်အတွင်း ယခုနှစ်တွင် စိုက်ပျိုးမည့် ပျိုးပင် ၅၈,၀၀၀ ပျိုးထောင်ထားရှိမှု အခြေအနေ နှင့် ၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ထင်းရှူးပျိုးပင် ၂၀,၂၀၀ ကြိုတင် ပျိုးထောင် နေမှုများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

       နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်၊ အောင်ပန်းကြိုးဝိုင်း၊ အကွက် အမှတ် (၁၃) ရှိ ၂၀၂၂ ခုနှစ် ကွက်လပ်ဖြည့်ထင်းရှူးစိုက်ခင်း ၂၂ ဧက စိုက်ပျိုးထားမှုနှင့် ပြည်ထောင်စု လမ်းမကြီး လမ်းဘေးဝဲယာ ၂၀၂၂ ခုနှစ် တစ်အုပ်တစ်မ ထင်းရှူး ၁,၃၀၀ ပင် စိုက်ပျိုးထားရှိမှုအား လည်းကောင်း၊ သီခေါင်တောင်ကြိုးပြင်ကာကွယ်တောအတွင်း ၂၀၂၂ ခုနှစ် ကွက်လပ်ဖြည့် ထင်းရှူး စိုက်ခင်း ၁၃ ဧက စိုက်ပျိုးထားရှိမှုနှင့် ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးမည့် ကွက်လပ်ဖြည့် ထင်းရှူး ၂၅ ဧက၊ တစ်အုပ်တစ်မ ထင်းရှူး ၅ ဧက စိုက်ပျိုးခြင်းတို့အတွက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ တို့အား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

       ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်၊ ဟဲဟိုးပျိုးဥယျာဉ်အတွင်း  ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် ပျိုးပင် ၄၅,၀၀၀ ပျိုးထောင်ထားရှိမှုနှင့် ၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးရန် ပျိုးပင် ၁၃,၆၀၀ ပင် ကြိုတင် ပျိုးထောင်ထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

       မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဟဲဟို-ဘော်ဆိုင်းကားလမ်း တစ်လျောက် လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်စေရေးအတွက် ၃ ပင်တန်း ၁ ပင်တန်း ထင်းရှူး ၃၂,၀၀၀ ပင် စိုက်ပျိုးထားမှုနှင့် လမ်းဘေးဝဲယာတောင်ကုန်းများ မြေဆီလွှာတိုက်စားမှု ကာကွယ်ရေးအတွက် တစ်အုပ်တစ်မ ထင်းရှူး ၂၁,၆၀၀ ပင် စိုက်ပျိုးထားမှုအား ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထားသည့် အပင်များအား ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ်၊ တောင်လေးလုံးပျိုးဥယျာဉ်အတွင်း အင်းလေးကန် ရေဝေရေလဲထိန်းသိမ်းရေးစိုက်ခင်းနှင့် လူထုဖြန့်ဝေခြင်းအတွက် ပျိုးပင် ၅၇,၀၀၀ ပျိုးထောင်ထားမှုအ‌ခြေအနေအားလည်းကောင်း၊ အေးသာယာပျိုးဥယျာဉ်အတွင်း တောင်ကြီးမြို့ ထီသိမ်ကန်ရေထွက် စိမ်းလန်းစိုပြည်ရေးနှင့် ထီသိမ်ကန် ရေဝေရေလဲထိန်းသိမ်းရေးအတွက် ထင်းရှူး ပျိုးပင် ၁၀၀,၀၀၀ ပင်နှင့် အထူးပျိုး ၄၀,၀၀၀ ပင် ပျိုးထောင်ထားရှိမှုအားလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။