ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရုရှားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ၍ Hybrid စနစ်ဖြင့် ကျင်းပသည့် ၁၀ ကြိမ်မြောက် NEVSKY အပြည်ပြည်ဆိုင်ရာ ဂေဟဗေဒဆိုင်ရာညီလာခံသို့ တက်ရောက်

၁၀ ကြိမ်မြောက် NEVSKY အပြည်ပြည်ဆိုင်ရာ ဂေဟဗေဒဆိုင်ရာညီလာခံကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်မှ ၂၆ ရက်နေ့အထိ ရုရှားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ၍ Hybrid စနစ်ဖြင့် ကျင်းပလျက်ရှိရာ (၂၅.၅.၂၀၂၃)ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်သည့် အဆိုပါ ညီလာခံ၏ “ရေသည် အနာဂတ်၏ အဓိက အရင်းအမြစ်” ဟူသော စားပွဲဝိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် နိုင်ငံနှင့်အဖွဲ့အစည်း ၂၁ ခုမှဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြို့တော်ဝန်များ၊ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ရေအရင်းအမြစ် ပေါကြွယ်ဝသော နိုင်ငံဖြစ်ပြီး အာရှရေချိုအရင်းအမြစ်၏ ၁၂ ရာခိုင်နှုန်း၊ အာဆီယံရေချိုအရင်းအမြစ်၏ ၁၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း၊

ယနေ့ခေတ် ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံအသီးသီးတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နှင့် ရေပြဿနာများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊

 အဆိုပါ စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံအနေဖြင့် အမျိုးသား အဆင့်ရေမူဝါဒ၊ မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒနှင့် မြန်မာနိုင်ငံရာသီဥတု ပြောင်း လဲမှုဆိုင်ရာမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဘက်စုံရေအရင်း အမြစ်စီမံခန့်ခွဲမှုတို့အတွက် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီနှင့်အမျိုးသားအဆင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးကော်မတီတို့ကိုဖွဲ့စည်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊

ရေအရင်းအမြစ်များ ထိန်းသိမ်းနိုင်ရေးအတွက် သဘာဝစမ်းရေတွင်းများ၊ ရေထွက်များနှင့် ရေတိမ်ဒေသများ ထိန်းသိမ်းရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊

 ပလတ်စတစ် ညစ်ညမ်းမှု များသည် မြစ်ချောင်းများနှင့် အဏ္ဏဝါပင်လယ်ပြင်ရှိ ဇီဝမျိုးစုံမျိုး ကွဲများအပေါ် သက်ရောက်မှုရှိပြီး အဏ္ဏဝါပလတ်စတစ်အမှိုက်များကို လျှော့ချနိုင်ရေးအတွက် အမျိုးသားအဆင့် ပလတ်စတစ်လုပ်ငန်းအစီအစဉ်ကို ရေးဆွဲလျက်ရှိပါကြောင်း၊   မြန်မာနိုင်ငံ၏ ဘက်စုံ ရေအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတကာ နှင့်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။