သယံဇာတနှင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ပြည်နယ်တာဝန်ခံများနှင့် တွေ့ဆုံ

           သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၃၀.၅.၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် သစ်တောကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သတ္တုရေးရာကဏ္ဍမှ ပြည်နယ်တာဝန်ခံများနှင့် တွေ့ဆုံရာ တာဝန်ရှိသူများက သစ်တောဆိုင်ရာ အချက်အလက်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအချက်အလက်များ၊ သတ္တုဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပါသည်။

        ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတွင် တပ်ဆင်ထားသော လေထုအရည်အသွေး တိုင်းတာရေးစက်ဖြင့် လေထုအရည်အသွေးတိုင်းတာ ဆောင်ရွက်နေမှုအားလည်းကောင်း၊ ဓာတ်ခွဲခန်းအတွင်း အင်းလေးကန်နှင့် တောင်ကြီးဒေသ ရေထွက်မှ ရေနမူနာနှင့် စက်ရုံ၊ အလုပ်ရုံများထွက်ရှိသော ရေနမူနာများ ဓာတ်ခွဲစမ်းသပ်နေမှုအားလည်းကောင်း၊ ရွေ့လျားလေထုအရည်အသွေး တိုင်းတာရေးစက်ဖြင့် လေထုအရည်အသွေးတိုင်း တာဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။