လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာန၊ အာရှဒေသအဆင့်သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) ၏ လုပ်ငန်းဆောင်ရွက်မှုများ

     လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာန၊ အာရှဒေသအဆင့်သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) ၏ ၂၀၂၃ ခုနှစ်၊ အစီအစဉ်အရ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေး အစီအစဉ်(Eco-School)ကို မှော်ဘီမြို့နယ်၊ မြောင်းတကာနှင့် ရွှေမြယာ ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမ (၆၀)ဦး ဖိတ်ကြားကာ ၅-၁-၂၀၂၄ ရက်နေ့ (၉:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ  AFoCO RETC သင်တန်းကျောင်း၌ ကျင်းပခဲ့ပါသည်။

     အဆိုပါ Eco-school အား အခြေခံပညာ ဆရာ/ဆရာမများအနေဖြင့် ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေရေးတွင် သစ်တောများ၏ အရေးကြီးသည့် အခန်းကဏ္ဍကို နားလည်စေရန်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အတွေးအမြင်များကို မြှင့်တင်ရန်နှင့် AFoCO RETC ကို လေ့လာစေပြီး၊ နိုင်ငံတကာ နှင့် သစ်တောဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို သိရှိစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

     Eco-school အစီအစဉ်တွင် အခြေခံပညာဆရာများအား သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောခြင်း၊ RETC သင်တန်းကျောင်း၊ လေ့ကျင့်ရေးသစ်တော၊ FRI စခန်းအမှတ်(၉)ရှိ သစ်တော ပျိုးဥယျာဉ်တို့အား လေ့လာခြင်း၊ အမှတ်တရစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကာ တက် ရောက်သူ ဆရာ/ဆရာမ တစ်ဦးချင်းစီအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

     အဆိုပါ အခြေခံပညာဆရာများအား ‘သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးအစီအစဉ်’ ကျင်းပပြုလုပ်နိုင်ခြင်းဖြင့် သစ်တောများ၏ အကျိုးကျေးဇူး၊ ရာသီဥတုပြောင်းလဲမှုလျော့ချရေး လုပ်ငန်းစဉ် များတွင် တစ်ကိုယ်ရည်ဆောင်ရွက်မှုများဖြင့် ပါဝင်ဆောင်ရွက်နိုင်မှုကို နားလည်လွယ်စေရန် ရုပ်ပုံများ၊ video clip များဖြင့် power point ပြင်ဆင်ဆောင်ရွက်ခဲ့သောကြောင့် လွယ်ကူစွာမှတ်မိစေပြီး သစ်တော နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အတွေးအမြင် မြင့်တက်လာစေခြင်း၊ ရရှိသောဗဟုသုတများကို ဆရာ/ဆရာမ များမှတစ်ဆင့် ကျောင်းသားလူငယ်၊ မျိုးဆက်သစ်များနှင့် ပတ်ဝန်းကျင်အား ပြန်လည်မျှဝေနိုင်ခြင်း တို့ကြောင့် သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေနိုင်မည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။