စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ သည် ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန၊ အစည်းအဝေး ခန်းမ ၌ Hybrid ပုံစံဖြင့် ကျင်းပခဲ့သော စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ရရှိစေရန်အတွက် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုသာမက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း မဖြစ်မနေ အလေးထားဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်လျက်ရှိပါကြောင်း၊

ယနေ့အချိန်မှာ ရင်ဆိုင် ကြုံတွေ့နေရသည့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ယိုယွင်းပျက်စီးမှုများ၊ စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကြောင့် ရေ၊ လေ၊ မြေ ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုးကျိုးဖြစ်စဉ်သာဓကများသည် အသက်ရှင်ရပ်တည်မှုနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများကို ခြိမ်းခြောက်နေသည့် အဓိကရင်ဆိုင်ဖြေရှင်းရမည့်ကိစ္စရပ်များဖြစ်ပါကြောင်း၊

 မြို့ပြနှင့် ကျေးလက်ဒေသမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲ ကြရန်၊ စက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် သယံဇာတတူးဖော်ရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ရေနှင့် ထုတ်လွှတ်အခိုးအငွေ့များကြောင့် လူသားများ၏ ကျန်းမာရေး ထိခိုက်မှုမရှိစေရန်သတ်မှတ်ထားသည့် လမ်းညွှန်ချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိ စောင့်ကြည့်စစ်ဆေးကြပ်မတ်ရန် လိုအပ်နေပါကြောင်း၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ အတည်ပြုထုတ်ပြန်ပြီးဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့်ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် မြို့နယ်အဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များကို ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊

အဆိုပါမြို့နယ်အဆင့် လုပ်ငန်းအစီအစဉ်များ၌ 3Rs စနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြည့်စုံစွာ ထည့်သွင်းရေးဆွဲထားခြင်းရှိ/မရှိ ပြန်လည်စိစစ်ပြီး ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် 3Rs ကဏ္ဍကို  မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် အမှိုက်ခွဲခြားစွန့်ပစ်နိုင်ရေး စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းတို့ကို ပေါင်းစပ်ညှိနှိုင်းပြီး အလေးထားဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊

 စွန့်ပစ်ပစ္စည်းများကို အနီးပတ်ဝန်းကျင်ရှိ မြစ် ချောင်း အင်းအိုင်များ၊ ပင်လယ်သမုဒ္ဒရာများထဲသို့ စည်းကမ်းမဲ့စွန့်ပစ်ခြင်း ကြောင့် အဏ္ဏဝါ ပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်ပေါ်စေပြီး အမှိုက်များကို စနစ်တကျစွန့်ပစ်နိုင်ရေး စီမံဆောင်ရွက်ပေးနိုင်ရေးသည် အရေးကြီးတာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ အနေဖြင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရန်အတွက် ရှေ့ဆက်ဆောင်ရွက်သွားရမည့်ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေးအတွက်  ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြပါရန်  တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီဝင်များက လုပ်ငန်းကော်မတီ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်တိုးတက်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့် လုပ်ငန်းကော်မတီဝင်များဖြစ်သည့် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများမှ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း( ၆၈ )ဦး တက်ရောက်ခဲ့ကြပါသည်။