ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၃.၇.၂၀၂၂ ရက်နေ့နံနက် မင်္ဂလာအချိန် ၀၆း၃၀ နာရီတွင် မွေးဖွားခဲ့ပြီး မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။
ဆင်ဖြူတော်ကလေး၏ ဘွဲ့နာမံတော်မှာ “ရဋ္ဌနန္ဒက” ဖြစ်ပြီး ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာသြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်လေးဖြစ်သည်။
ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” မှာ ယခုအသက် ၂ နှစ်၊ ၁ လသားအရွယ်တွင် အရပ်အမြင့် ၄ ပေ ၇ လက်မကိုယ်လုံး လုံးပတ် ၇ ပေ ၄ လက်မ၊ ကိုယ်အလေးချိန် ၁၄၁၉ ပေါင်ရှိလာပြီး ရတနာဆင်ဖြူတော်ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” မှာ ငယ်စဥ်ကတည်းကပင် လူနှင့်ယဥ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမို ယဥ်ပါးလာစေရန် ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။