တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ၁၁၉ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၏ ၁၁၉ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

‌ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ၁၁၉ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အမှာစကားပြောကြားရာ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)အား ၁၉၀၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခု ၁၁၉ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ အရှေ့တောင်အာရှတွင် ရှေးအကျဆုံးနှင့် အစောဆုံးအပန်းဖြေအနားယူလည်ပတ်နိုင်သည့် ဥယျာဉ်တစ်ခုလည်းဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် အရှေ့တောင်အာရှ တိရစ္ဆာန်ဥယျာဉ်များနှင့် ငါးပြတိုက်အစည်းအရုံး၏ အဖွဲ့ဝင်ဥယျာဉ်တစ်ခု ဖြစ်လာခဲ့ပြီး တိရစ္တာန်များ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သုတေသန လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)အား ပြည်တွင်း ပြည်ပဧည့်သည်များ စိတ်ချမ်းမြေ့စွာ အပန်းဖြေ အနားယူနိုင်စေရန်၊ သဘာဝပတ်ဝန်းကျင်၊ ‌ဂေဟစနစ်နှင့် တောရိုင်းတိရစ္တာန်များ ထိန်းသိမ်းရေးနှင့်ပက်သက်၍ အသိပညာတိုးပွားစေရန်၊ သတ္တဗေဒနှင့် ရုက္ခဗေဒဆိုင်ရာလေ့လာမှုနှင့် သုတေသနများ ဆောင်ရွက်နိုင်စေရန်၊ မျိုးသုဉ်းမည့် အန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန်များ မျိုးဆက်ပြန့်ပွားစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပြသပေးလျက်ရှိကြောင်း၊ ဥယျာဉ်အတွင်း နို့တိုက်သတ္တဝါ ၄၄ မျိုး၊ ကျေးငှက် ၇၁ မျိုး၊ တွားသွားသတ္တဝါ ၂၀ မျိုး စုစုပေါင်းမျိုးစိတ် ၁၃၅ မျိုးဖြင့် အကောင်ရေ ၁၄၀၀ အပြင် သဘာဝသမိုင်းပြတိုက်၊ ဆင်ပြတိုက်တို့ကိုလည်း ပြသပေးလျက်ရှိကြောင်း၊ ယခု ၁၁၉ နှစ် ပြည့်မြောက်ပြီဖြစ်သော တိရစ္ဆာန်ဥယျာဉ်သည် ဂုဏ်ယူစရာ နေရာတစ်ခုဖြစ်သည့်အပြင် သဘာဝ‌ ဂေဟစနစ်နှင့် တောရိုင်းတရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရာ နေရာတစ်ခုဖြစ်သည့်အတွက် နိုင်ငံတကာအဆင့်မီပြီး အဆင့်အတန်းမြင့်အောင် ဆက်လက်ဆောင်ရွက်သွားရန်နှင့်  နောင်နှစ်ပေါင်း များစွာတိုင် အဓွန်ရှည်တည်တံ့စေရေး အားလုံးကဝိုင်းဝန်းထိန်းသိမ်းသွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိရစ္ဆာန်ဥယျာဉ်အတွင်း ပြကွက်တစ်ခုချင်းအလိုက် ပြသထားမှု၊ ဥယျာဉ်အတွင်း ၁၁၉ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော် ဈေးဆိုင်ခန်းများ ခင်းကျင်း ရောင်းချနေမှုနှင့် ဥယျာဉ်သာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လှည် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဥယျာဉ်ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက တိရစ္တာန်ဥယျာဉ်နှင့် လှော်ကားသဘာဝဥယျာဉ်၏ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ၁၁၉ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်အား ၂၆-၁-၂၀၂၅ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး ယနေ့တွင် လာရောက် လည်ပတ်ကြည့်ရှုသူ ၆၃၀၀ ဦးရှိကြောင်း သိရသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းစက်မှုဇုံရှိ ရွှေသံသာဟိန်း သစ်အချောထည်စက်ရုံနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ တောင်ဒဂုံစက်မှုဇုံ ၂ ရှိ Glorious Family ကြိမ်အချောထည်စက်ရုံများသို့ သွားရောက်၍ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နေမှု အဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။