
တောမီးကြံ့ကြံ့ခံနိုင်ခြင်း၊ ဒေသခံများ၏ လူမှုစီးပွားနှင့် စျေးကွက်ချိတ်ဆက်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်း၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အမှာစကားပြောကြားရာတွင် သစ်ပင်သစ်တောများသည် ကမ္ဘာပေါ်ရှိ သက်ရှိများ ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးပါပြီး အကျိုးကျေးဇူးများစွာနှင့် ဂေဟစနစ် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိကြောင်း၊ အဆိုပါ သစ်တောများ ပျက်စီးပြုန်းတီးစေသည့် အကြောင်းအရင်းများအနက် တောမီးလောင်ကျွမ်းမှုသည် ကြီးမားသော ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေပြီး ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ပျက်စီးစေသည့်အပြင် မီးခိုးမြူငွေ့များကြောင့် လူသားများ၏ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် တောမီးလောင်ကျွမ်းမှုဖြစ်ပေါ်လာပါက လေထုအတွင်း မီးခိုးမြူငွေ့ ညစ်ညမ်းမှုများ များပြားလာပြီး တစ်နေရာမှ တစ်နေရာသို့ ပျံ့နှံ့သွားကြောင်း၊ နိုင်ငံအဆင့် နယ်စပ်ဖြတ်ကျော် တောမီးနှင့်မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ထိုင်း၊ လာအို၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တောမီးလောင်ကျွမ်းမှုမရှိစေရေးနှင့် ထိန်းချုပ်မှုများ ဆောင်ရွက်နိုင်ရေး၊ တောမီးကာကွယ်ရေးလုပ်ငန်းများတွင် ဆက်စပ်ဌာနများနှင့် ဒေသခံများ ပူးပေါင်းပါဝင်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများအား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တောမီးကာကွယ်ရေးလုပ်ငန်းစဉ်များနှင့်အတူ ဒေသခံ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လုပ်ငန်းများနှင့် နည်းပညာများကိုလည်း ပံ့ပိုးပေးရမှာဖြစ်ကြောင်း၊ စီမံကိန်း၏ အဓိကရည်ရွယ်ချက်ဖြစ်သော တောမီးဖြစ်ပွားမှု စီမံအုပ်ချုပ်မှုစနစ်တစ်ခု တည်ဆောက်ရာတွင် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရန်နှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုသွားရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲအား ဆက်လက်ပြုလုပ်ရာ တက်ရောက်လာသူများက မြန်မာနိုင်ငံအတွင်း Fire Hotspots ဖြစ်ပေါ်မှုလျော့ချရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ထိန်းချုပ်ရေး၊ မြန်မာနိုင်ငံ၏ တောမီးလောင်ကျွမ်းမှုနှင့် တောမီးစီမံအုပ်ချုပ်မှုဆိုင်ရာ အခြေအနေများ၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ကြသည်။