အမျိုးသားမြေအသုံးချမှုကောင်စီ သတ္တမအကြိမ် အစည်းအဝေးကျင်းပ

အမျိုးသားမြေအသုံးချမှုကောင်စီ သတ္တမအကြိမ်အစည်းအဝေးကို ၂၅-၂-၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီဒုတိယဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင်တင့်၊ ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဦးဉာဏ်ထွန်း၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ အမျိုးသားမြေအသုံးချမှုကောင်စီ အထောက်အကူပြုလုပ်ငန်းကော်မတီများမှ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမျိုးသားမြေအသုံးချမှု ကောင်စီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက မြေအရင်းအမြစ်များသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စားဝတ်နေရေးအတွက် အခြေခံကျသော အဓိကအရင်းအမြစ်များဖြစ်သလို တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဆက်နွှယ်နေသည့်အရင်းအမြစ်တစ်ခုလည်းဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်း ကျင်နှင့် လူမှုရေးဆိုင်ရာပဋိပက္ခများသည် မြေအရင်းအမြစ်များကို အသုံးချမှုနှင့် ဆက်စပ်လျက်ရှိသောကြောင့် ပြည့်စုံကောင်းမွန်သော မြေအသုံးချမှုစနစ်ဖွံ့ဖြိုးလာရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် လိုအပ်နေသည့် အမျိုးသားမြေအသုံးချမှုမူဝါဒကို အများပြည်သူပါဝင်မှုနှင့် ရေးဆွဲပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊

လက်ရှိ မိမိတို့နိုင်ငံတွင် မြေစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့်ဥပဒေ ၅၃ ခုရှိပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေများအချင်းချင်း ဝိရောဓိ ဖြစ်နေခြင်း၊ ခေတ်စနစ်နှင့် မကိုက်ညီခြင်းများကို ဖြေရှင်းနိုင်ရန်အတွက် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအလိုက် ပြဋ္ဌာန်းဥပဒေများကို လေ့လာဆန်းစစ်ပြီး ဥပဒေများအချင်းချင်း သဟဇာတဖြစ်စေရေး နှင့် အဆိုပါဥပဒေများကိုလွှမ်းခြုံသည့် အမျိုးသားမြေဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်း ကော်မတီကို ဖွဲ့စည်းတာဝန်ပေးဆောင်ရွက်ခဲ့ပါကြောင်း၊

လုပ်ငန်းကော်မတီအနေဖြင့် အမျိုးသားမြေဥပဒေမူကြမ်းရေးဆွဲပြုစုခြင်း အချိန်ကာလ သတ်မှတ်ချက်ကို ၂၀၂၃ ခုနှစ် ဩဂုတ်မှ ၂၀၂၄ ခုနှစ် အောက်တိုဘာအထိ ၁၅ လ လျာထားသတ်မှတ် ထားပြီး ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် အမျိုးသားမြေဥပဒေမူကြမ်းအဆင့်ထိ ရောက်ရှိလာပြီ ဖြစ်ပါကြောင်းနှင့် ဥပဒေမူကြမ်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် အမျိုးသားမြေအသုံးချမှုကောင်စီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဆဋ္ဌမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်နေမှုအခြေအနေများ၊ အမျိုးသားမြေဥပဒေမူကြမ်း ရေးဆွဲပြုစုနေသည့် အခြေအနေများ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး မြေအသုံးချမှုစီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာအကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီနှင့် မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၏ ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများက တွေ့ကြုံရသော မြေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ အမျိုးသားမြေဥပဒေမူကြမ်းအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုချက်များ၊ အမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ရေးအတွက် မြေအသုံးချမှုနှင့် သက်ဆိုင်သောစာရင်းနှင့် သတင်းအချက်အလက်များဆိုင်ရာကိစ္စရပ်များ၊ မြေအသုံးချမှုရှေ့ပြေး စီမံကိန်းရေးဆွဲရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌက အစည်းအဝေးတွင် အမျိုးသားမြေ အသုံးချမှုကောင်စီ၏ အဓိကလုပ်ငန်းတာဝန်တစ်ခုဖြစ်သော အမျိုးသားမြေဥပဒေမူကြမ်းအပေါ် အဖွဲ့ဝင်များအကြား ချပြဆွေးနွေးနိုင်ခဲ့ပြီဖြစ်သဖြင့် ဆွေးနွေးချက်များအပေါ် အခြေခံ၍ အမျိုးသားမြေဥပဒေပြဋ္ဌာန်းနိုင်ရေး ဆက်လက်လုပ်ဆောင်သွားကြရန်နှင့် စနစ်ကျ၍ ထိရောက်ကောင်းမွန်သော မြေယာစီမံခန့်ခွဲမှုစနစ်များ ပေါ်ထွန်းလာစေရေးအတွက် လုပ်ငန်းတာဝန်များကို ဆက်လက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။