ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်သင့် ဝန်ကြီးဌာနအောက်ရှိ ဌာန၊ လုပ်ငန်း ရုံးအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား ကြည့်ရှုစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်သင့် ဝန်ကြီးဌာနအောက်ရှိ ဌာန၊ လုပ်ငန်း ရုံးအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်သည်။

၉-၄-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ရှိ သစ်‌တောဦးစီးဌာန၊ ခရိုင်ရုံးနှင့်မြို့နယ်ရုံး အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များ၊ ပျော်ဘွယ်မြို့ရှိ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ မြို့နယ်ရုံးအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များ၊ မိတ္ထီလာမြို့ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်မြို့ရှိ မြို့မပျိုးဥယျာဉ်အတွင်း အထူးစိမ်း၊ တစ်ရွာ ၂ ဧက ကျေးရွာစိုက်ခင်းနှင့် လူထုဖြန့်စိုက်ပျိုးခြင်းများအတွက် ပျိုးပင်ပေါင်း ၁၃၀,၀၀၀ ကျော်ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနများ၏ ခရိုင်ရုံး အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အမရပူရမြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ တိုင်းရုံး အဆောက်အဦ၊ ဧည့်ရိပ်သာနှင့် ဝန်ထမ်းနေအိမ်များအားလည်းကောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းရုံးအဆောက်အဦများ အားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ထိခိုက်ပျက်စီးမှုများ ပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ရှိ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် သတ္တုတွင်းဦးစီးဌာနများ၏ တိုင်းတာဝန်ခံရုံး အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များ၏ ထိခိုက်ပျက်စီးမှု အခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ကြီးမြို့နယ်ရှိ သစ်တောဦးစီးဌာန၊ ဗဟိုသစ်တော လုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းရှိ စာသင်ဆောင်၊ အိပ်ဆောင်နှင့် ဝန်ထမ်း နေအိမ်များအားလည်းကောင်း၊ မြို့နယ်သစ်တောရုံးနှင့် ဝန်ထမ်းနေအိမ်များ အားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ထိခိုက်ပျက်ဆီးမှုများ ပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ကြီး (မြို့မ)ပျိုးဥယျာဉ်အတွင်း လူထုဖြန့်စိုက်ပျိုးရန် ပျိုးပင် ၁ သိန်းကျော် ပျိုးထောင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ကြီးမြို့နယ်ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးသို့ သွားရောက်၍ ရုံးအဆောက်အဦနှင့် ဂို‌ထောင်များ၊ ဝန်ထမ်းနေအိမ်များ၏ ထိခိုက်ပျက်စီးမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဝန်ထမ်းမိသားစုများနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းပေးအပ်ခဲ့သည်။