
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်သင့် ဝန်ကြီးဌာနအောက်ရှိ ဌာန၊ လုပ်ငန်းများမှ ရုံးအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်သည်။
၁၀-၄-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ သတ္တုတွင်းဦးစီးဌာန၊ ဆားလုပ်ငန်းရုံးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ရုံးအဆောက်အဦ၊ ဧည့်ရိပ်သာ၊ ဝန်ထမ်း နေအိမ်များနှင့် ပြိုကျပျက်ဆီးသွားသော ဂိုထောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးရုံး ပြိုကျပျက်စီးသွားမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ယာယီရုံးအဆောက်အဦ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးပြီး ဝန်ထမ်းမိသားစု များအား တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ယာယီရုံးတည်ဆောက်ရန် မြေနေရာ ရွေးချယ်ထားမှုနှင့် အချိန်မီတည်ဆောက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ် ဝန်ထမ်းအိမ်ရာ သို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် နေအိမ်များထိခိုက်ပျက်စီးသွားမှု အခြေအနေများ၊ ပြန်လည်ပြုပြင်ဆောင်ရွက်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ခရိုင်ရုံးများသို့ သွားရောက်၍ ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လုပ်ငန်းများအား မိသားစုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားရေး မှာကြားကာ ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့သည်။