
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မေလ ၅ ရက်နေ့၊ နေ့လယ်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ် (၈၉) သစ်စက်သို့ သွားရောက်၍ သစ်စက်အတွင်း သစ်ခွဲသားများ ခွဲစိတ်ဆောင်ရွက်နေမှု အခြေအနေအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက သစ်စက်သို့ သစ်လုံးများရောက်ရှိထားမှုနှင့် သစ်ခွဲသားများ ခွဲစိတ်ဆောင်ရွက်ပြီးစီးမှု၊ ဖြန့်ဖြူးပြီးစီးမှုနှင့် သစ်ခွဲသားလက်ကျန် ကျန်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သစ်မျိုးအလိုက်၊ သစ်ခွဲသားအရွယ်အစားအလိုက် ခွဲစိတ်ဆောင်ရွက်ခြင်းအား စနစ်တကျ ဆောင်ရွက်သွားရန်၊ သစ်အလေအလွင့်အနည်းဆုံးနှင့် ခွဲသားထွက်ရာခိုင်နှုန်း အများဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားရန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ငူမြို့နယ်ရှိ ကံရိုးသစ်တောပျိုးဥယျာဉ်သို့ သွားရောက်၍ သစ်မျိုး ၂၅ မျိုးဖြင့် အထူးပျိုးပင် ၁၅,၀၀၀ ကျော် ပျိုးထောင်ထားရှိမှုအခြေအနေနှင့် သစ်တောဝင်းအတွင်း သစ်မျိုး ၁၈ မျိုးဖြင့် သစ်မျိုးစုံစိုက်ခင်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူမြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတွင် ခရိုင်၊ မြို့နယ်ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာန၏ နှစ်စဉ်လျာထားချက်များ ပြည့်မီကျော်လွန်ရေး၊ ရည်မှန်းချက်များ အောင်မြင်နိုင်ရေးအတွက် ဝန်ထမ်းကောင်း ပီသစွာ နေထိုင် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် လုပ်ငန်းခွင်တွင် ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အုတ်တွင်းမြို့နယ်ရှိ အမှတ် (၈၈) သစ်စက်၊ ဥယျာဉ်တော်သို့သွားရောက်၍ သစ်စက်အတွင်း သစ်ခွဲသားများ ခွဲစိတ်ဆောင်ရွက်နေမှု၊ သစ်မျိုးအလိုက်၊ သစ်ခွဲသားအရွယ်အစားအလိုက် ခွဲစိတ်ဆောင်ရွက်စုပုံထားမှု၊ သစ်ခွဲသားများ ဖြန့်ဖြူးမှုနှင့် သစ်စက်လက်ကျန် ကျန်ရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရေး မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အုတ်တွင်းမြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ ဗောဓိကုန်းသစ်ဆိပ်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက သစ်ထုတ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သစ်ဆိပ်အတွင်း သစ်မျိုးအလိုက် သစ်လုံးလက်ကျန် ကျန်ရှိမှု၊ သစ်စက်များသို့ သစ်လုံးများ ပို့ဆောင်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် သစ်ဆိပ်အတွင်း သစ်လုံးများ ရောက်ရှိစုပုံထားမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။