
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မေလ ၆ ရက်နေ့ ညနေပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ နမ့်လွေကြိုးဝိုင်းအတွင်းရှိ ၁/၂၀၂၃ ထင်းရှူးစိုက်ခင်း ၅၀ ဧကနှင့် ၂/၂၀၂၂ ထင်းရှူးစိုက်ခင်း ၁၀၀ ဧကတို့၏ ရှင်သန်အောင်မြင်မှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အပင်များအား ရေရှည်တည်တံ့စေရေး ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားရန် မှာကြားသည်။
မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စုရှိ သီလဓမ္မကုန်းသာတောရကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ကောဝိဒထံ သွားရောက် ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမတွင် သစ်တောသစ်ပင်များ ထိန်းသိမ်း ကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးဆိုင်ရာ တွေ့ဆုံပွဲအား ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ တြိဂံတိုင်းဒေသစစ်ဌာနချုပ် တိုင်းမှုး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော မီးလောင်ကျွမ်းမှုများ၏ အဓိကအကြောင်းအရင်းများနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ် စေသော မီးလောင်ကျွမ်းမှု Fire Hotspot များ မဖြစ်ပေါ်စေရန်နှင့် တောမီးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အားလုံးပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရေးသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောသစ်ပင်များ၏ တန်ဖိုးကိုသိရှိပြီး ထိန်းသိမ်းကာကွယ်ရေးနှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် နောင်အနာဂတ်မျိုးဆက်များအတွက် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောရာသီဥတုကို လက်ဆင့်ကမ်းပေးသွားနိုင်ရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ဆန်းဦးက မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့် လူသားတို့၏ကျန်းမာရေးအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသောင်းနိုင်ဦးက သစ်တောများမှ ပံ့ပိုးပေးနေသော အကျိုးကျေးဇူးများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်း တင်ပြကြပြီး “မမြင်နိုင်သော လူသတ်သမား PM 2.5” ပညာပေး ဗီဒီယိုကလစ်အားပြသ၍ တွေ့ဆုံပွဲ အားရုပ်သိမ်းသည်။
မေလ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ရှိ မြို့တော်ခန်းမတွင် မြို့နယ်ဌာနဆိုင်ရာများနှင့် ဆက်စပ်အဖွဲ့အစည်းများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့် Fire Hotspots လျှော့ချရေး၊ သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
မေလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့နယ်ရှိ ၁/၂၀၂၂ ကျေးရွာထင်း စိုက်ခင်း ရှင်သန်အောင်မြင်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့နယ်၊ တာလေဒေသရှိ သတ္တုလုပ်ကွက်များသို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက သတ္တုတူးဖော်ရေးလုပ်ငန်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေးနှင့် စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သွားရန်၊ ထုတ်လုပ်မှုနှင့်ထွက်ရှိမှု မှန်ကန်မှုရှိစေရေး လိုက်နာဆောင်ရွက်သွားရန်၊ ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေသည့် Mine Design များဖြင့် ဆောင်ရွက်သွားရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် မှာကြားသည်။ ယင်းနောက် သတ္တုလုပ်ကွက်များအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။