ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur အား လက်ခံတွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၆-၆-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်  မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ တောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေးကိစ္စရပ်များနှင့် သတ္တုရေးရာကဏ္ဍ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။