သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာ ခေါ်ယူခြင်း

၁။      သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ သိပ္ပံဘွဲ့ (သစ်တောပညာ) B.Sc (Forestry) ၊ (၄) နှစ်သင်တန်းသို့ တက်ရောက်သင်ကြားခွင့်ရရှိရန် အတွက် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ လျှောက်ထားနိုင်သည်။

၂။       အမျိုးသားဦးရေ (၆၄) ဦးနှင့် အမျိုးသမီးဦးရေ (၁၆) ဦးကို (၈၀:၂၀) ဖြင့် လက်ခံမည်။

၃။      ဝင်ခွင့်လျှောက်ထားသူသည်-

(က) တက္ကသိုလ်ဝင်ခွင့် လျှောက်ထားချိန်၌ တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့် ကိုက်ညီ သော နိုင်ငံသားဖြစ်ရမည်၊

(ခ)   ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် STEAMS – 1 (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ) ဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲတွင် စုစုပေါင်း ရမှတ် ၃၅၀ မှတ်နှင့်အထက် ရရှိသူဖြစ်ရမည်၊

(ဂ)   တက္ကသိုလ်ဝင်ခွင့်ရရှိပါက သက်ဆိုင်ရာ ဘာသာရပ်များနှင့်ပတ်သက်၍ တောတွင်း လက်တွေ့ကွင်းဆင်း ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေး (က) အဆင့်ရှိပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသူဖြစ်ရမည်၊

(ဃ) မိုင် (၂၀) လမ်းလျှောက်စွမ်းရည်စစ်ဆေးမှု အောင်မြင်ရမည်။

(င)   တက္ကသိုလ်မှ ချမှတ်သော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။

၄။      ပထမနှစ်ဝင်ခွင့် လျှောက်လွှာသတ်မှတ်ပုံစံမှာ ပူးတွဲပါအတိုင်းဖြစ်ပြီး မိမိ အစီအစဉ်ဖြင့် (A-4 Size) စာရွက်ဖြင့် ကွန်ပျူတာစာစီ၍ သတ်မှတ်ရက်အတွင်း တိုက်ရိုက် လျှောက်ထားရန်ဖြစ်ပါသည်။

၅။      ပထမနှစ်ဝင်ခွင့်လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲ တင်ပြရမည်-

(က) တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မိတ္တူ) (ကျောင်းအပ်သည့် အချိန်တွင် မူရင်းတင်ပြရမည်)၊

(ခ)   ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင် အမှတ်စာရင်း (မိတ္တူ) (ကျောင်းအပ် သည့် အချိန်တွင် မူရင်းတင်ပြရမည်)၊

(ဂ)   ပြစ်မှု/ ပြစ်ဒဏ်ကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်း သို့မဟုတ် ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက် (မူရင်း)၊

(ဃ) လိုင်စင်ဓါတ်ပုံ ( ၄ ) ပုံ။

(င)   သက်ဆိုင်ရာမြို့နယ်၊ ပြည်နယ်/တိုင်း မှ ကျန်းမာကြောင်း ဆေးစစ်ချက် (မူရင်း)နှင့် မျက်စိအရောင်ခွဲခြားနိုင်ခြင်း (colour Blind) ‌‌ဆေးစစ်ချက် (မူရင်း)

 

၆။      လျှောက်လွှာကို စာပိုဒ်အမှတ်  (၅) ပါ အထောက်အထားများနှင့်အတူ  ၁၀-၁၀-၂၀၂၅ ရက် (သောကြာနေ့) နောက်ဆုံးထား၍ သင်တန်းရေးရာဌာနခွဲ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁ (သို့မဟုတ်) Email လိပ်စာ ufes.registrar@gmail.com နှင့် registrar@ufes.edu.mm သို့ တိုက်ရိုက် ပေးပို့လျှောက်ထားရမည်။ သတ်မှတ်ရက်ထက် နောက်ကျသော လျှောက်လွှာများ၊ မပြည့်စုံသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ မမှန်မကန် ဖော်ပြ၍ လျှောက်ထားကြောင်း စစ်ဆေးတွေ့ရှိပါက ရွေးချယ်ခြင်းခံရစေကာမူ ပယ်ဖျက်ခြင်း၊ တက္ကသိုလ်မှ ထုတ်ပယ်ခြင်းခံရမည်။

၇။      အကယ်၍ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းသို့ ဝင်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှုမဖြစ်စေရန်အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့က ကြေညာသတ်မှတ်ထားသော နည်းလမ်းအတိုင်း တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်ဖြင့် အခြား တက္ကသိုလ်များသို့လည်း လျှောက်ထားရန် လိုအပ်မည်ဖြစ်သည်။

၈။      ပဏာမရွေးချယ်ခံရသူများစာရင်းနှင့် ကျောင်းဖွင့်မည့်အချိန်ကို ထပ်မံအသိပေးကြေညာ မည်ဖြစ်သည်။

၉။      အသေးစိတ်သိရှိလိုပါက သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဖုန်း - ၀၆၇ ၃၄၁၆ ၆၈၁ (သို့မဟုတ်) ၀၆၇ ၃၄၁၆ ၅၁၉ ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါကြောင်းနှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၏ Website ဖြစ်သော https://www.ufes.edu.mm  တို့တွင် ကြည့်ရှုရယူနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

         ပထမနှစ်ဝင်ခွင့်လျှောက်လွှာပုံစံအား အောက်ဖော်ပြပါ Link တွင် ဝင်ရောက် Download ရယူနိုင်ပါကြောင်း-

                            https://www.monrec.gov.mm/sites/default/files/test/Book_PDF/Form.pdf